လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၅ အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖွယ်ရှိလာ

လီဗာပူးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်ဆဲ ဖြစ်ပေမယ့် အခွင့်အရေးကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။

အကယ်လို့ ဒီရာသီမှာ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့နောက် အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင်မယ်ဆိုရင် လာမယ့်ရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ မဟုတ်ပါဘူး။ မန်စီးတီး ချန်ပီယံလိဂ် အနိုင်ရရင်တောင် အဆင့် ၅ အသင်းက ဝင်ခွင့်ရဖို့ မရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာတော့ ပုံမှန် ၃၂ သင်း ယှဉ်ပြိုင်နေကျ ချန်ပီယံလိဂ်ဟာ ပြောင်းလဲသွားတော့မှာဖြစ်ကာ ကလပ် ၃၆ သင်းထိ ယှဉ်ပြိုင်လာကြတော့မှာပါ။ ပြိုင်ပွဲ ကျင်းပမယ့် ပုံစံကလည်း ဆွစ်မော်ဒယ် အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

အစဉ်အလာ အုပ်စုခွဲမှုပုံစံတွေ ပျောက်ဆုံးသွားမှာဖြစ်ပြီး မတူညီတဲ့ ကလပ် ၈ သင်းဟာ အိမ်ကွင်း/အဝေးကွင်း ၄ ပွဲစီ မဲနိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး ၈ သင်းက ရှုံးထွက်ကို တိုက်ရိုက် တက်ရောက်ကာ အဆင့် ၉ ကနေ အဆင့် ၂၄ အထိ ၁၆ သင်းက ၂ ကျော့ ယှဉ်ပြိုင်ပြီး အနိုင်ရမှ ရှုံးထွက်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ထူးခြားမှု တစ်ခုကတော့ “Champions Path” ဆိုတဲ့ လမ်းကြောင်းနဲ့အတူ ဥရောပ ကလပ်တစ်သင်းက ချန်ပီယံလိဂ်ထံ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ The Athletic ကတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ အသင်းဟာ အဆိုပါ အခွင့်အရေးကို ရမယ်လို့ ဖော်ပြထားခဲ့တယ်။

ဒါဟာ အင်္ဂလန် ကြီး ၆ ကြီးထဲမှာ ထိပ်ဆုံး ၄ သင်းထဲ မဝင်တဲ့ အသင်းတစ်သင်းအတွက် အခွင့်အရေးတစ်ခု ရဖို့ ဖြစ်လာပါလိမ့်မယ်။ အင်္ဂလန်လိဂ်အပြင် အီတလီလိဂ်ကလည်း တူညီတဲ့ အခွင့်အရေး ရနိုင်တယ်လို့ သိလာရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲပုံစံနဲ့ ဝင်ခွင့်ရ ကလပ်တွေကတော့ လာမယ့်ရာသီမှ ရှင်းလင်းသေချာပါလိမ့်မယ်။ ပြိုင်ပွဲ စနစ်သစ်နဲ့အတူ အင်္ဂလန်လိဂ်ဟာ ဥရောပဝင်ခွင့် ၈ နေရာထိ ရလာနိုင်တယ်လို့လည်း ဖော်ပြလာနေကြပြီ ဖြစ်ပါတယ်။