

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ လက်ရှိ ချန်ပီယံတွေကို ၂-၀ ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းကို ၉ မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ နည်းပြအာနယ် ဆလော့ဟာ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို ရွေးချယ်ခွင့် မရပေမယ့် အဖြစ်သင့်ဆုံး လူစာရင်းကို ထုတ်သုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ယုံကြည်ချက်တွေ ပြည့်နေတဲ့ လီဗာပူးအသင်းသားတွေကလည်း အကောင်းဆုံး ပုံစံတွေကို ပြသခဲ့ကြပါတယ်။
ပွဲအစောတည်းကနေ နိုင်လိုစိတ် အပြည့်ဖြင့် ကစားခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ပွဲချိန် ၁၀ မိနစ်ကျော်မှာတင် ဆာလာရဲ့ ဖြတ်တင်ဘောကို မန်စီးတီး ဂိုးသမား ကာကွယ်ရာက လွတ်ထွက်လာတဲ့ ဘောလုံးကို ဂက်ပိုက ပိတ်သွင်းယူပါတယ်။
ပထမပိုင်းမှာ လီဗာပူးရဲ့ အကောင်းဆုံး လွှမ်းမိုးကစားနိုင်မှုကို မြင်ခဲ့ရကာ မန်စီးတီးလို အသင်းဟာ ထားရာနေ စေရာသွား တဖက်သတ်ကြီးကို အဖိခံခဲ့ရတာပါ။ ပွဲချိန် ၃၉ မိနစ်ရောက်မှာ မန်စီးတီးတို့ ဒီပွဲရဲ့ ပထမဆုံး ကန်ချက်ကို စလုပ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်က ခြေပဂိုး ပြန်ရဖို့ အားထုတ်လာပြီး ပိုကောင်းကောင်း ကစားလာနိုင်ခဲ့တယ်။ လီဗာပူးဘက်ကတော့ တိုက်စစ်ကိုပဲ မဲမနေတော့ဘဲ ကျစ်လစ်စွာ ကစားရင်း ခံစစ်ကိုလည်း အာရုံစိုက်ထားကာ အခွင့်အရေးကို စိတ်ရှည်ရှည် ရှာလာခဲ့ပါတယ်။
မန်စီးတီးတို့ ခြေပဂိုးအတွက် ကြိုးစားပေမယ့် လီဗာပူးရဲ့ ခံစစ်ကစားပုံက တော်တော်လေး အထင်ကြီးဖို့ကောင်းခဲ့ပြီး အထူးသဖြင့် ဗန်ဒိုက်ရဲ့ ဦးဆောင်မှုမှာ အမှားမရှိသလောက် နည်းပါးခဲ့ပါတယ်။
တကယ်တမ်း ဂိုးရခဲ့တာက လီဗာပူးအသင်းပဲဖြစ်ပြီး ဒီယက်ဇ်၊ ဆာလာတို့ရဲ့ ထိုးဖောက်မှုကို မန်စီးတီးတို့ ထိန်းမနိုင် သိမ်းမရဖြစ်ရာက ပင်နယ်တီ ခွင့်ပြုခဲ့ရတာပါ။ အဆိုပါ ပင်နယ်တီကို ဆာလာကပဲ အမှားအယွင်းမရှိ အဆုံးသတ်ပါတယ်။
ပွဲပြီးခါနီး အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေနဲ့ ဂွာဒီယိုလာတို့ ကွင်းပြင်မှာ လေတိုက်နေခဲ့ကြကာ သူ့ကို ရာထူးက ထုတ်ခံရတော့မယ်လို့ ဟားတိုက်တဲ့ လီဗာပူးပရိသတ်တွေအား ဂွာဒီယိုလာက ချန်ပီဝံ ၆ ကြိမ်ဖြစ်ထားကြောင့် လက်ထောင်ပြခဲ့ပါတယ်။
ဒီပွဲဟာ ဂွာဒီယိုလာ မန်စီးတီးကို ကိုင်တွယ်မှုတစ်လျှောက် လီဗာပူးကို အဆိုးရွားဆုံး စွမ်းဆောင်ရည်ဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာနယ် ဆလော့ရဲ့ ခေတ်သစ်ဟာ ပရိသတ်တွေကို မျက်နှာပန်းလှစွာဖြင့် ရှေ့တိုးလာခဲ့ပြီဖြစ်ပါတယ်။