စာချုပ်ကိစ္စတွေကို ခံစားချက် မပါဘဲ ကိုင်တွယ်သွားမယ့် စက်ရုပ်လို လူသား ရစ်ချက်ဟုချ်

FSG ရဲ့ ဘောလုံးဆိုင်ရာ စီအီးအိုအဖြစ် စိတ်ကြိုက် ရွေးချယ်ထားတဲ့ ရစ်ချက်ဟုချ်ဟာ သွေးအေး တည်ငြိမ်လွန်းသူအဖြစ် လူသိများသူပါ။ ဥပမာအားဖြင့် ကလော့ပ် နေရာ အစားထိုးဖို့ ဖြစ်လာခဲ့စဉ် ဘယ်သူမှ မကြိုက်တဲ့ ဆလော့ကို ရွေးချယ်ဖို့ ခေါင်းမာစွာ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

ထိုစဉ်ကလည်း ပရိသတ်ကြိုက်ထက် အသင်းအတွက် ဦးစားပေးမယ်လို့ သတင်းထွက်ခဲ့တာကြောင့် အလွန်ဆို၊ နာဂယ်စမန်းတို့ကို နှစ်သက်တဲ့ လီဗာပူးပရိသတ်တွေက ပြင်းထန်စွာ​ ဝေဖန်ခဲ့ကြဖူးပါတယ်။

အခုလည်း နွေမှာ သက်တမ်းကုန်တော့မယ့် ကလပ်ရဲ့ မရှိမဖြစ် ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုးခြင်း မရှိသေးလို့ ပရိသတ်တွေဘက်က စိုးရိမ်စိတ်ဖြင့် အသံဆူနေပေမယ့် အဓိက တာဝန်ရှိသူ ရစ်ချက်ဟုချ်ကတော့ ပြာပြာသလဲ ဆွေးနွေးမှု အရှိန်တင်တာမျိုး လုပ်မလာပါဘူး။

လီဗာပူးနည်းပြအဖွဲ့ဝင် ဟိုက်တင်ဂါရဲ့ အေးဂျင့်ကတော့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ လူတွေရဲ့ အသံကြောင့်နဲ့ တုန်လှုပ်လွယ်မယ့် ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။

ဟိုက်တင်ဂါရဲ့ အေးဂျင့်က ပြောပြရာမှာ ” ရစ်ချက်ဟုချ်က လီဗာပူးမှာ လူသစ်ပါ။ သေချာတာ တစ်ခုကတော့ ရစ်ချက်ဟုချ်ဟာ စာနာမှုတွေ၊ ခံစားချက်တွေ လုံးဝ မရှိတဲ့ လူစားမျိုးပဲ။ သူက စက်ရုပ်လို လူစားပဲဖြစ်ပါတယ်။

ဒါကို ကျနော်သိခဲ့တာက ကိုယ်တိုင်က ဟိုက်တင်ဂါအတွက် (ဆလော့ လက်ထက် လီဗာပူးနည်းပြအဖွဲ့ထဲ ပါဝင်လာသူ) သူနဲ့ ညိနှိုင်းစကားပြောမှု လုပ်ခဲ့လို့ပါ။ သူက ဘာခံစားချက်မှ မရှိတဲ့ လူစားဗျ။ ဒါကပဲ အကြောင်းရင်း ဖြစ်နိုင်တယ်။

အထူးသဖြင့် မတူညီတဲ့ ယဉ်ကျေးမှုရှိပြီး ခံစားချက် ပြင်းပြသလို နွေးထွေးမှုကို နှစ်သက်တဲ့ ဆာလာလို ကစားသမားမျိုးအတွက် သူ့ရဲ့ ကိုင်တွယ်ပုံက ခြားနားနေတာပေါ့ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ဆာလာကတော့ သူ လီဗာပူးမှာ စာချုပ်သစ် ရဖွယ် မရှိဘူးလို့ ထပ်ဖန်တလဲလဲ ထုတ်ပြောနေပြီး မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်တို့ဘက်က သွေးအေးစွာ ကိုင်တွယ်နေမှုဟာ ပရိသတ်တွေကို သောကတွေဖြစ်လာစေတာပဲ ဖြစ်ပါတယ်။