နယူးကာဆယ် ၄-၁ ဘရိုက်တန်၊ စာချုပ်သစ်ရမယ့် စီနီယာ ၆ ဦး၊ ထရန့်အတွက် အနစ်နာခံခဲ့တဲ့ ရော်ဘတ်ဆန်နဲ့ လီဗာပူး သတင်းများ

အက်ဖ်အေက ဒိုင်လူကြီး တီယာနေးကို ပုဂ္ဂိုလ်ရေး ဝေဖန်ခဲ့တဲ့ ယာဂင်ကလော့ပ်ဟာ ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အနာဂတ် အပြုအမှုပေါ် မူတည်ပြီး နောက်ထပ် ၁ ပွဲ ပြစ်ဒဏ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နယူးကာဆယ်က ဘရိုက်တန်ကို ၄-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လက်ကျန် ၂ ပွဲထဲက ၁ ပွဲကို အနိုင်ရတာနဲ့တင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဘက် ဘရိုက်တန် ကွင်းလယ်လူ မက်အယ်လစ္စတာအတွက် ကမ်းလှမ်းမှု ပေးထားပေမယ့်လို့ အခုချိန်ထိ တရားဝင် သဘောတူညီမှု မရသေးဘူးလို့ ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

ပိုချက်တီနိုဟာ ကွင်းလယ်လူ မေဆန်မောင့်ကို ဆက်ထိန်းနိုင်ဖို့အတွက် အတော်လေး အားထုတ်နေပြီ ဖြစ်ပါတယ်။ အာဂျင်တီးနားနည်းပြကတော့ မောင့်ကို အခြေတည်ပြီး သူ့အသင်းကို တည်ဆောက်ဖို့ထိ ရည်ရွယ်ထားတာပါ။

ဒီနွေမှာ အာရှကို ခရီးထွက်လာခြင်းအတွက် လီဗာပူးအသင်းဟာ ပေါင် ၁၀-၁၂ သန်း ဝန်းကျင် အကျိုးအမြတ်ရမယ်လို့ မာဆေးဆိုဒ် သတင်းဌာနက ဖော်ပြပါတယ်။

ဒီနွေမှာ လီဗာပူးအသင်း စာချုပ်သစ်ပေးဖို့ စီစဉ်ထားတဲ့ ကစားသမား ၆ ဦးထဲမှာ ထရန့်ကလည်း တစ်ဦး အနေနဲ့ ပါဝင်နေပါတယ်။ အသက် ၂၄ နှစ်အရွယ် ညာအစွန်လူရဲ့ စာချုပ်က ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာပါ။

ဒီနွေမှာ ကလပ်က လူစာရင်း အသစ်ပြန်တည်ဆောက်တာ မဟုတ်ဘဲ အားဖြည့်မှု ပြုလုပ်တာလို့ ဟန်ဒါဆန်က မှတ်ချက်ပေးလိုက်ပြီး စိန်ခေါ်မှု အသစ်တွေအတွက် အဆင်သင့်ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီနွေမှာ ထွက်ခွာမယ့် ကစားသမားများ စာရင်းမှာ အတ်ဒရီယန်ကို မထည့်ခဲ့တာက စပိန်သား ဂိုးသမားဟာ လီဗာပူးအသင်းနဲ့ ကာလတို စာချုပ် ချုပ်ဆိုနိုင်သေးတာကြောင့်လို့ သိရပါတယ်။

တခါတလေမှာ ကိုယ်က အနစ်နာခံရတာမျိုးတွေ ရှိတတ်ပြီး ထရန့် ကွင်းလယ်ကို ဝင်ကစားနိုင်ဖို့အတွက် ဘယ်ခြမ်းကနေ တိုက်စစ်လိုက်မှုကို လျော့ချခဲ့ရကြောင်း ရော်ဘတ်ဆန်က ထုတ်ပြောခဲ့ပြီး စနစ်သစ်မှာ သူ့ရဲ့ နေရာသစ်ကို ကျေနပ်တယ်လို့ ဆိုပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမင်နို အပါအဝင် များစွာသော လီဗာပူးအဖွဲ့သားတွေရဲ့ သွားတွေကို တာဝန်ယူပေးခဲ့တဲ့ ဆေးခန်းကတော့ ဘော်ဘီရဲ့ သွားဟာ အမြင့်ဆုံး Grade One ကို ကျော်ပြီး super-white colour အဆင့်ထိ လုပ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ လီဗာပူးမြို့မှာ ရှိနေစဉ် အခုလို ဂရုစိုက်ခွင့်ရခဲ့တာကို ဂုဏ်ယူတယ်လို့ ထုတ်ပြောခဲ့ပါတယ်။