

စိန့်ဂျိမ်းပက်ခ်မှာ နယူးကာဆယ် ၃-၃ လီဗာပူး ပွဲစဉ်အပြီး အာနယ် ဆလော့ရဲ့ အသင်းက ဇယားထိပ်မှာ ရှိနေဆဲဖြစ်ပေမယ့် ရမှတ် ကွာဟချက်က ကျဉ်းလာနေပြီဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းသားတွေဟာ ခြေစွမ်းကောင်းတွေ ထုတ်ပြဖို့ ရုန်းကန်ခဲ့ရသလို ဒါဝင် နူးညက်စ်ရဲ့ စွမ်းဆောင်ရည်ကတော့ လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က စိတ်ပျက်ရတဲ့ထိ ဆိုးရွားခဲ့ပါတယ်။
အခွင့်အရေးပေါင်း များစွာကို ဖြုန်းတီးခဲ့တဲ့ ဒါဝင်ဟာ တည်တည်ငြိမ်ငြိမ် အဆုံးသတ်မယ်ဆိုရင် သွင်းဂိုး ၂ ဂိုး၊ ၃ ဂိုးလောက် ရနိုင်ခဲ့သင့်တာပါ။ ဂက်ပိုရဲ့ ပေးချက်ကို ဒါဝင် လွဲချော်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လီဗာပူးပရိသတ် တစ်ဦးကဆိုရင်
‘ ငါတို့က ဖလားပြိုင်ဆိုင်မှုကို ၁၀ ယောက်တည်းနဲ့ ကစားနေရတာလားကွာ ‘ ဆိုပြီး မယုံနိုင်လောက်အောင် ဖြစ်နေရပါတယ်။
နောက်ထပ် လီဗာပူးပရိသတ်တွေကလည်း ” တိုက်စစ်မှူး တစ်ယောက်အတွက် ပေါင် ၈၅ သန်း ပေးခဲ့ရတယ်။ သူ့ရဲ့ တတိယမြောက် ဘောလုံးရာသီ ရောက်လာတဲ့ထိ ဘောလုံးကို သေချာကြီးတောင် မကန်ထည့်နိုင်ဘူးကွာ။ ငါတော့ ဒါဝင် နူးညက်စ်ကို လုံးဝ စိတ်ကုန်သွားပါပြီ ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
နယူးကာဆယ်ပွဲအပြီး ဒါဝင် နူးညက်စ်ကို ဝေဖန်ချက်တွေ အများကြီး ထွက်လာပေမယ့် တိုက်စစ်မှူးနေရာမှာ ဂျိုတာ မပါနိုင်သေးတာကြောင့် ဒါဝင်ကိုပဲ ဆက်သုံးရဖို့ ရှိနေတယ်။
လီဗာပူးအသင်းဟာ အဓိက တိုက်စစ်သမား ဂျိုတာကို ဒဏ်ရာကြောင့် လက်လွတ်ထားရတဲ့နောက် ဒါဝင် နူးညက်စ်ကို ပွဲထွက်မှာ ဆက်တိုက် သုံးနေတာဖြစ်ပြီး ဥရုဂွေးသားထံက သွင်းဂိုး ရရှိမှုက နည်းပါးနေဆဲဖြစ်ပါတယ်။