မအောင်မြင်တဲ့ ခံစစ်အပြောင်းအလဲ၊ အမှားလုပ်ခဲ့ကြသူတွေ၊ ဂရာဗင်ဘက်ချ် ရုန်းကန်ရပြီး ဆာလာ ချွန်ထွက်ခဲ့ခြင်းနဲ့ နယူးကာဆယ်ပွဲအပြီး စကားစမြည်း ပြောစရာများ

လီဗာပူးအသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၃-၃ ဖြင့် သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ၉ မှတ်အစား ၇ မှတ်ပဲ ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ စကားပြောစရာ အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ ဆွေးနွေးကြည့်မှာ ဖြစ်ပါတယ်။

မအောင်မြင်တဲ့ ခံစစ်အပြောင်းအလဲ

လီဗာပူးအသင်း ခံစစ်မှာ ထရန့်၊ ရော်ဘတ်ဆန်တို့လို အစွန် ၂ ဦး အပါအဝင် ခံစစ်သမား ၅ ဦးပဲ ကျန်ရှိတာကြောင့် ပွဲကြပ်ကာလမှာ ကြံ့ခိုင်မှု ထိမ်းသိမ်းနိုင်ရေး ပွဲကစားခွင့် နည်းပါးနေတဲ့ ဂိုးမက်စ်၊ ကွမ်းဆက်တို့ကို ထုတ်သုံးလာခဲ့ပါတယ်။

ထူးထူးခြားခြားအဖြစ် ဂိုးမက်စ်ကို ညာအစွန်မှာ မသုံးဘဲ ကွမ်းဆက်ကို ညာအစွန်မှာ ထုတ်သုံးခဲ့ကာ သူတို့ နှစ်ဦးဟာ မန်စီးတီးပွဲမှာလို အသင်းအပေါ် သက်ရောက်မှု ကြီးမားစေတဲ့ စွမ်းဆောင်ရည်အစား ဖရိုဖရဲ ကစားဟန်မျိုးဖြင့် ပရိသတ်တွေကို ရင်ထိတ်စေခဲ့ပါတယ်။

ကွင်းလယ်လူတွေ ရုန်းကန်ရခြင်းကလည်း ညာခြမ်း ကစားသမားတွေကို ဝန်ပိစေခဲ့ပြီး ကွမ်းဆက် အတွင်းကို ပြန်ဝင်ပြီး ထရန့် ညာအစွန်မှာ လူစားဝင်လာမှပဲ လီဗာပူး ကစားဟန်ဟာ ဖန်တီးမှုတွေ ပြန်မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဂရာဗင်ဘက်ချ်နဲ့တကွ ကွင်းလယ် ရုန်းကန်ရခြင်း

ခံစစ်ပိုင်း ပြောင်းလဲပေမယ့် ကွင်းလယ်ဟာ တူညီတဲ့ တွဲဘက်တွေကိုပဲ ဆက်လက် နေရာချခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်လူတွေရဲ့ ကာကွယ်နိုင်စွမ်း နည်းပါးခြင်းဟာ ခံစစ်ကိုပါ ဖိအားတွေ ဝင်စေခဲ့ပါတယ်။

ပွဲအစောမှာတင် နယူးကာဆယ်ရဲ့ ရှေ့ထိ တက်ဖိထားပြီး တရစပ် ဖိအားပေးမှုက တစ်ဆင့် ဂရာဗင်ဘက်ချ် အမှားတွေ လုပ်မိရာက လီဗာပူး ကွင်းလယ်ဟာ ပွဲကို လွှမ်းမိုးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် မိနစ် ၂၀ မှာ မာကာ၊ ပထမပိုင်း ပြီးခါနီးမှာ ဂရာဗင်ဘက်ချ်တို့ကို ကွင်းလယ်ဒိုင်က အဝါကတ်တွေ ပြခြင်းကလည်း သူတို့ရဲ့ လုပ်ရည် ကိုင်ရည်ကို ကန့်သတ်ခံရသလို ဖြစ်သွားပါတယ်။

ပထမပိုင်းမှာ မာကာထံက ပုံစံကောင်းအချို့ မြင်ရပေမယ့် အဝါကတ်ကြောင့် မာကာဟာ မာဆေးဆိုဒ် ဒါဘီပွဲကိုပါလွဲချော်သွားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကတော့ ဂရာဗင်ဘက်ချ် တော်တော်လေး ရုန်းကန်နေရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ချွန်ထွက်ခဲ့တဲ့ မိုဆာလာ

လီဗာပူး လိုအပ်ချိန်တိုင်းမှာ မိုဆာလာ ပေါ်ထွက်လာတာပါပဲ။ နယူးကာဆယ်ကို နောက်ကနေ လိုက်ကစားနေရချိန် ဆာလာဟာ ညာတောင်ပံကနေ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ကာတစ်ဂျုံး ဂိုးရဖို့ အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာလာရဲ့ လုပ်ရည်ကိုင်ရည်ကြောင့်ပဲ တိုင်တွေထိသလို ဦးဆောင်ဂိုးပါ ရခဲ့ပါတယ်။

ဒုတိယပိုင်း ကာတစ်ဂျုံး၊ မိုဆာလာတို့ထံက ခြေစွမ်းကောင်းတွေကြောင့် လီဗာပူးတို့ ဆက်တိုက် ဂိုးတွေ ပြန်ယူနိုင်ခဲ့တာဖြစ်ပြီး ဆာလာရဲ့ စာချုပ်ကိစ္စ အမြန်ဆုံး အဆင်ပြေမှပဲ စိတ်အေးချမ်းရပါလိမ့်မယ်။

အမှားကြီး လုပ်ခဲ့တဲ့ ကလယ်ဟာ

ဂိုးမက်စ်ရဲ့ အမှားကို ပြန်ဆယ်ပေးခဲ့တဲ့ ကလယ်ဟာဟာ ဟီးရိုးဖြစ်ရမယ့် အစား နောက်ဆုံးမိနစ် သူ့ရဲ့ တွက်ကိန်းအမှားက အသင်းကို ရမှတ် ၂ မှတ် ပြုန်းတီးစေခဲ့ပါတယ်။

တစ်ပွဲလုံးမှာ များစွာသော ကာကွယ်မှုတွေ လုပ်ပေးခဲ့တာအရ အသင်းဖော်တွေဟာ ကလယ်ဟာကို အပြစ်တင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အမှားကတော့ သိသာလွန်းခဲ့ပြီး ဖိအားပေးခံနေရတဲ့ အသင်းကို ခံစစ်ကနေ ဘောလုံးထုတ်ကူပေးဖို့ပါ ရုန်းကန်ခဲ့ရပါတယ်။

ဒါဝင်ရဲ့ ဖြုန်းတီးမှုနဲ့ မပါးနပ်ခြင်း

တိုက်စစ်မှူး ဒါဝင်ဟာ လီဗာပူးကစားသမားဘဝ ၃ ရာသီမြောက်ကို ရောက်လာပေမယ့် စွမ်းဆောင်ရည် မတည်ငြိမ်နိုင်သေးပါဘူး။ ထိပ်တန်း ကစာသမား တစ်ယောက်ဟာ ပွဲစဉ်တိုင်းမှာ ခြေစွမ်းကို တသမတ်တည်း ထိန်းထားနိုင်ရမှာပါ။

ဒါဝင်ကတော့ ခြေစွမ်း အတက်အကျ များလွန်းသလို သွေးဆူလွယ်ပြီး အပိုင် အခွင့်အရေးတွေမှာ သူ့ရဲ့ အဆုံးသတ်ချက်ဟာ လက်ခံပေးနိုင်ဖို့ ခက်ခဲပါတယ်။ နယူးကာဆယ်ပွဲမှာ သူဟာ ဂိုးရနိုင်တဲ့ အနေအထား ၂ ခုကို ကြုံသလို ကန်မှု၊ အပိတ် မရဲမှုတွေဖြင့် ဖြုန်းတီးခဲ့သေးတာ ဖြစ်ပါတယ်။

ဂက်ပိုအနေနဲ့လည်း အဆိုပါ အခွင့်အရေးမှာ သူကိုယ်တိုင် အဆုံးသတ်သင့်တာလား အသင်းဖော်တွေကို ချပေးဖို့ကော လိုအပ်ရဲ့လားဆိုတာက မေးခွန်းထုတ်ခံနေရပါတယ်။