

နယူးကာဆယ် နည်းပြ အတ်ဒီဟောင်ကတော့ လီဗာပူးကို ၃-၃ သရေကျတဲ့ ပွဲမှာ သူ့ကို ခြောက်ခြားစေတဲ့ ကစားသမား တစ်ဦးရှိတယ်လို့ ထုတ်ဖော် ဝန်ခံပါတယ်။
ပထမပိုင်းမှာ လီဗာပူးကို ဖိနှိပ်ထားနိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ ဒုတိယပိုင်းမှာ ဆာလာရဲ့ တစ်ဦးချင်း ကောင်းမွန်မှုနဲ့အတူ ပြိုလဲလုဖြစ်ခဲ့ကာ အမှားတစ်ချက်ကို အခွင့်အရေး ယူနိုင်ခဲ့လို့ သရေတစ်မှတ် ပြန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲမှာ ပထမတစ်ပိုင်းလုံး နယူးကာဆယ်ကို သက်သက်သာသာ ဖြစ်စေတဲ့ ညာခြမ်းဟာ ထရန့် ဝင်လာချိန်မှာတော့ အကြီးအကျယ် ဒုက္ခများတော့တာပဲလို့ နယူးကာဆယ် နည်းပြက ဆိုပါတယ်။
အတ်ဒီဟောင်က ” လီဗာပူးဘက်က ထရန့်ကို လူစားလဲလိုက်တာက ကျနော်တို့ကို အရမ်း ဒုက္ခပေးတယ်။ သူ့ရဲ့ တိုက်စစ်ပိုင်း ကစားနိုင်စွမ်းကော ဘောလုံးနဲ့အတူ လုပ်ပြနိုင်စွမ်းကြောင့်ကောပေါ့။
ထရန့်ဝင်လာတာ ညာဘက်ခြမ်းမှာ ကျနော်တို့ အရမ်း ဒုက္ခများသွားပါတယ်။
ထရန့်က ဖြတ်တင်ဘောနဲ့ကော ပေးချက်နဲ့ပါ တိုက်စစ်ကို အများကြီး ခြိမ်းခြောက်နိုင်စွမ်း မြင့်တင်ပေးသူပါ။ သူက သိပ်ကောင်းတဲ့ ပေးချက်တွေနဲ့ လိုင်းတွေကို ကျော်ဖြတ်ပြီး ဘောလုံးပေးနိုင်စွမ်းလည်း ရှိပါတယ်။ သူ့ရဲ့ တစ်ဦးချင်း ခြိမ်းခြောက်မှုတွေကို ကျနော်တို့ မကိုင်တွယ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ထရန့်ကို သုံးချင်ပေမယ့် ကြံ့ခိုင်မှု ပြန်သက်သာလာစ ညာအစွန်လူကို ပွဲတိုင်း ထုတ်သုံးနိုင်ဖွယ် မရှိသေးဘဲ မိနစ် အကန့်အသတ်နဲ့သာ ကစားခွင့်ပေးရဖွယ် ရှိနေတာ ဖြစ်ပါတယ်။