

မာဆေးဆိုဒ်ဒါဘီပွဲကို ရွှေ့ဆိုင်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကောင်း၊ အဆိုးတွေအား ၃ ချက်စီ ရွေးထုတ်ပြသွားပါမယ်။ ဒါကိုတော့ TIA ရဲ့ ဖော်ပြချက်ကို ကိုးကားထားတာ ဖြစ်ပါတယ်။
(အကောင်း) ကစားသမားတွေ ပြန်သက်သာလာဖို့ အချိန်ရခြင်း
ဂူဒီဆန်ပက်ခ်ပွဲ မတိုင်ခင်မှာ အယ်လီဆန်၊ ကိုနတေး၊ ဘရတ်ဒလေ၊ ကိုစတက်၊ ခီယေဆာနဲ့ ဂျိုတာတို့ ဒဏ်ရာရနေတာပါ။ ဒါ့အပြင် မာကာကလည်း ပွဲပယ်ခံထားရတာ ဖြစ်ပါတယ်။
ပွဲရွှေ့ရခြင်းနဲ့အတူ လီဗာပူးက ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ၁ ပတ်ကြာ နောက်ဆုတ်သွားခဲ့တာဖြစ်ပြီး ဖူလ်ဟမ်ပွဲမှာ အယ်လီဆန်၊ ဂျိုတာတို့ ပြန်လာနိုင်ဖွယ်ရှိကာ ခီယေဆာလည်း သက်သာလာနေပြီဖြစ်ပါတယ်။
(အဆိုး) စိတ်ပိုင်းဆိုင်ရာတိုက်ပွဲ
ပွဲစဉ် ၁၅ အပြီးမှာ လီဗာပူးက ၁ ပွဲလျော့ ကစားထားပြီး ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ၄ မှတ်အကွာကို ရောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အမှတ်ပေးဇယားမှာ ရမှတ်တွေ ကပ်နေတာမျိုးက ပြိုင်ဘက်အသင်းတွေကို စိတ်ပိုင်းဆိုင်ရာ အားတက်မှု ဖြစ်လာစေပါလိမ့်မယ်။
(အကောင်း) ဘောလုံးကောင်းကောင်းကစားခွင့်
မာဆေးဆိုဒ်မှာ ပြင်းထန်နေတဲ့ ရာသီဥတု အခြေအနေကြောင့် ဒီအပတ်ပွဲကို ကစားရမယ်ဆိုရင် လီဗာပူးက ဘောလုံးကောင်းကောင်း ကိုင်ကစားခွင့်မရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အခုလို ရက်ရွှေ့လိုက်တာက ဒါဘီပွဲမှာ ဆမ်ဒိုက်တို့ အသာရမယ့် ရာသီဥတု အားသာချက်ကို ရှောင်ဖယ်ပြီး ဖြစ်စေပါတယ်။
(အဆိုး) ရာသီနောက်ပိုင်း ပွဲပိုကြပ်လာမှု
နောက်ပိုင်း ပိုအရေးကြီးတဲ့ ကာလတွေမှာ လီဗာပူးက ပွဲပိုကြပ်သွားပြီး လန်ဒန်ကလပ်တွေက ပြင်ဆင်ချိန်တွေနဲ့အတူ ပိုနားရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပွဲပိုများလာခြင်းက လန်းဆန်းတဲ့ ခြေထောက်တွေ ရှာဖွေဖို့ ခက်ခဲစေသလို ဒဏ်ရာ ပြဿနာတွေကို ပိုဖြစ်စေနိုင်ပါတယ်။
ဒီနေရာမှာ နည်းနည်းလေး ကောင်းတာတစ်ခုက ဥရောပပွဲ မကစားရတဲ့ အဲဗာတန်ကလည်း အကျိုးဆက်အားဖြင့် နောက်ပိုင်း ပွဲအနည်းငယ် ကြပ်သွားချိန်မှာ လီဗာပူးနဲ့ ပြန်တွေ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။
(အကောင်း) ရွေးချယ်စရာ ပိုများလာ
အခုဆိုရင် ၁ ပတ်အပြည့် အနားရလိုက်တာက ဒီဇင်ဘာမှာ ပွဲကြပ်တွေ ကစားရတဲ့ လီဗာပူးအတွက် ပွဲထွက်မှာ ရွေးချယ်စရာတွေကို ပိုများလာစေပါတယ်။ ဒဏ်ရာက သက်သာလာစ ကစားသမားတွေကလွဲလို့ ကျန်အသင်းသားတွေက အင်ပြည့်အားပြည့် ဖြစ်နေလို့ စိတ်ကြိုက် ရွေးချယ်မှုတွေ ပိုလုပ်ခွင့်ရပါလိမ့်မယ်။
(အဆိုး) ပိုပြင်းထန်နိုင်တဲ့ ဒါဘီ
ဘောလုံးပွဲတွေကို နေ့ခင်းမှာ ကစားတာဟာ ကစားသမားတွေ အတွက်တင် မဟုတ်ဘဲ ပရိသတ်တွေအတွက်လည်း ကွာခြားမှု ရှိစေပါတယ်။ အဲဗာတန်ကွင်းဟာ နေ့ခင်းမှာ ကစားရတာထက် ညပိုင်း ကစားရရင် ပိုခက်ခဲတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရွှေ့ဆိုင်းမယ့်ပွဲဟာ ညပိုင်ဖြစ်လာဖွယ် ရှိပါတယ်။