၃ ဦးလုံးကို စာချုပ်သစ် ကမ်းလှမ်းခြင်း၊ ၄ မှတ်အကွာက ကပ်လိုက်လာတဲ့ ချယ်ဆီး၊ ဘယ်အစွန်နေရာ ချိန်ရွယ်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာလာကို စာချုပ်သစ်အတွက် တရားဝင် ကမ်းလှမ်းမှု ပေးခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘက်က ဘယ်လို ဆုံးဖြတ်မလဲ စောင့်ကြည့်ရပါမယ်။

ဗန်ဒိုက်ကို စာချုပ်သစ် ပေးထားပြီဖြစ်တဲ့ လီဗာပူးဟာ ညာအစွန်လူ ထရန့်အတွက်ပါ ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီလို့လည်း နားလည်ရပါတယ်။ ၃ ယောက်လုံးနဲ့ ကလပ်ဟာ ဆက်လက် စကားပြောနေကြဆဲဖြစ်ပါတယ်။

အခုလို စာချုပ်သစ်ကိစ္စ ကမ်းလှမ်းလိုက်ခြင်းကြောင့်နဲ့တော့ မကြာခင် သတင်းကောင်းကြားရမယ့် အခြေအနေမျိုး မဟုတ်ဘဲ စကားပြောမှုတွေက ကြာနိုင်ဆဲလို့ သတင်းထောက် David Ornstein က ဆိုပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ချယ်ဆီးအသင်းဟာ ၁ ပွဲပိုကစား ၄ မှတ်လျော့ဖြင့် လီဗာပူးအသင်းကို လိုက်လံ ဖိအားပေးနေပြီဖြစ်ပါတယ်။

လီဗာပူး ပြိုလဲသွားမယ့် အချိန်မှာ အာဆင်နယ် အဆင်သင့်ဖြစ်နေစေရမယ်လို့ လောလောလတ်လတ် ကြွေးကြော်ထားတဲ့ အာတီတာရဲ့ အသင်းဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ခြေချော်သွားပါတယ်။

ကာရေဂါက ပရီးမီးယားလိဂ်မှာ ကိုးပါလ်မာထက် ပိုကောင်းတဲ့ ကစားသမား မရှိဘူးလို့ မှတ်ချက်ပေးလိုက်ပြီး ဆာလာ အမာခံ အားပေးသူတွေရဲ့ ဒေါသကို ရင်ဆိုင်နေရပါတယ်။

လီဗာပူးမှာ တွဲဘက်ကစားရတာ အပျော်ဆုံးက ဖာမင်နို ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ နူးညက်စ်ပါလို့ ဆာလာက ဆိုပါတယ်။ လူအတော်များများက ဒါဝင် နူးညက်စ်ကို သိပ်သဘောမကျတာကိုလည်း သူသိတယ်လို့ ဆာလာက ပြောပါတယ်။

ချန်ပီယံရှစ်မှာ ဗန်ဒုတ်တစ်ယောက် ဆက်လက် ခြေစွမ်းပြနေချိန်မှာပဲ စတုတ်မှာ အငှားသွားကစားနေတဲ့ ကူးမက်စ်ကလည်း ဂိုးသွင်းသွားပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ အာဂျင်တီးနား ဘယ်အစွန်လူ Julio Soler ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အေးဂျင့်ခ သဘောတူညီမှု မရရာက အပြောင်းအရွှေ့ ပျက်ခဲ့တာဖြစ်ပါတယ်။ အသင်းဘက်က စိတ်ဝင်စားမှုကတော့ ဆက်ရှိနေဆဲပါ။