

လီဗာပူးအသင်းဟာ တိုက်စစ်သမား မိုဆာလာကိုလည်း စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပေးအပ်ခဲ့ပြီလို့ ယုံကြည်ရတဲ့ ဗြိတိန်သတင်းထောက် David Ornstein ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် မိုဆာလာနဲ့ ဗန်ဒိုက်တို့ကို လီဗာပူးဘက်က အလွတ်ဖြင့် လက်လွတ်ရမယ့် အခြေအနေ ရှိနေတာပါ။ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေအရ စာချုပ်ကိစ္စ စားပွဲဝိုင်းထိုင် ဆွေးနွေးနေကြပြီဖြစ်ကြောင်းလည်း သိထားရပါတယ်။
အခုလို စာချုပ်သစ် ပေးဖို့ တရားဝင် ကမ်းလှမ်းလိုက်ခြင်းဟာ သူတို့ နှစ်ဦး အန်ဖီးမှာ ဆက်နေမယ်ဆိုတဲ့ အပေါ် ယုံကြည်မှုပိုင်း တိုးတက်လာစေပေမယ့် ဆက်နေဖြစ်မယ်လို့ အသေအချာကြီးတော့ မပြောနိုင်သေးပါဘူး။ အခြေအနေတွေက မသေချာသေးဘူးလို့ပဲ ဆိုနိုင်ပါသေးတယ်။
လီဗာပူးဘက်က ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်္ဂလန်ပြင်ပ ကလပ်တွေဖြင့် အကြို သဘောတူညီမှုရရေး ဆွေးနွေးလို့ရမယ့် ဆာလာနဲ့ ဗန်ဒိုက် အပြင် ထရန့်ကိုလည်း စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပေးခဲ့ပြီဖြစ်ပါတယ်။
အသေးစိတ် ကိစ္စတွေကို ဆက်လက် ဆွေးနွေးရဦးမှာဖြစ်ကာ အခုလို တရားဝင် ကမ်းလှမ်းမှုတွေ လုပ်လိုက်တာက ကလပ်ဘက်က သူတို့ကို ဆက်နေစေချင်တယ်ဆိုတာကို ပြသလာခြင်းလည်း ဖြစ်ပါတယ်။
မိုဆာလာကို ဥရောပကလပ် အချို့က စိတ်ဝင်စားနေပြီး ထရန့်ကို ရီးရဲလ်မက်ဒရစ်က အလိုရှိနေပေမယ့် သူတို့ဟာ လီဗာပူးအတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမားတွေ အဖြစ် ဆက်ရှိနေဆဲပါ။
စာချုပ်သက်တမ်းနဲ့ လက်မှတ်ထိုးခ အကျိုးအမြတ်ရနိုင်ချေတွေဟာ ခပ်မြန်မြန် ဆွေးနွေးပြီးမယ့် ကိစ္စမျိုး မဟုတ်ဘဲ ၂၀၂၅ မရောက်ခင် နောက်ထပ် သတင်းထူး ကြားသိရဖို့တော့ မျှော်လင့်ရတာ ဖြစ်ပါတယ်။