

လီဗာပူးအသင်းနဲ့ မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ ကိုယ်စားလှယ်တွေကြား စာချုပ်သစ်ကိစ္စတွေ ဆက်လက် စကားပြောနေဆဲဖြစ်ပါတယ်။
အဖွဲ့တွေကြားမှာ လေးစားမှုနဲ့အတူ ရှေ့ဆက် ညိနှိုင်းနေကြပြီး အကောင်းမြင်စရာတွေနဲ့အတူ very positive အခြေအနေပါလို့ သတင်းထောက် Melissa Reddy က စကိုင်းစပေါ့ကနေ ဖော်ပြလာပါတယ်။
လီဗာပူးအသင်းဟာ ကစားသမားတွေအတွက် သင့်လျော်ဖို့ကော ကလပ်အတွက် အဆင်ပြေစေဖို့ပါ လုပ်ဆောင်လိုတာပါ။ ဆာလာနဲ့ ဗန်ဒိုက်တို့ အသင်းမှာ ဆက်နေမယ်လို့ လီဗာပူးဘက်က ထင်ထင်ရှားရှားကြီး ယုံကြည်နေပါတယ်။
ဆာလာ ကိုယ်တိုင်ကလည်း သူ လီဗာပူးမှာပဲ ဆက်နေလိုကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ထားပြီးပါပြီ။ ဆာလာရဲ့ သမီးတွေဟာ လီဗာပူးမြို့မှာ ကျောင်းတက်နေကြတာမို့ ဆာလာက သူတို့လေးတွေ အခက်တွေ့တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါ့အပြင် လီဗာပူးဂန္တဝင်၊ ပရီးမီးယားလိဂ်ဂန္တဝင် တစ်ဦးလည်း ဖြစ်လိုနေပါတယ်။
ဗန်ဒိုက် အနေအထားကလည်း ဆာလာနဲ့အတူတူပဲဖြစ်ကာ သူကိုယ်တိုင်က လီဗာပူးမှာ ဆက်ရှိနေချင်တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က သူတို့ရဲ့ စာချုပ်သစ်ကို ခရစ္စမတ် လက်ဆောင်အဖြစ် အသင်းပရိသတ်တွေကို ပေးဖွယ် ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်ထံက စိတ်ဝင်စားမှုရနေတဲ့ ထရန့်ရဲ့ အခြေအနေကတော့ အနည်းငယ် ကွဲပြားပါတယ်။ သူက ကိုယ်တိုင် ဘလွန်းဒီအောဆု အနိုင်ရလိုတဲ့ထိ ရည်မှန်းချက်ကြီးသူ တစ်ဦးပါ။
ထရန့်ကို စာချုပ်သစ်ပေးဖို့ကတော့ ပိုပြီး တန်ကြေးကြီးတဲ့ စာချုပ်မျိုး ပေးရနိုင်ပြီး အခြေအနေကလည်း ပိုမိုရှုပ်ထွေးမှုရှိပါတယ်။ အခုချိန်ထိတော့ သူ့ရဲ့ ကိစ္စကလည်း အကောင်းမြင်နိုင်နေဆဲဖြစ်ပါတယ်။