

လီဗာပူးအသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
ချန်ပီယံလိဂ်မှာ ဂျီရိုနာကို ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက်ပိုင်း တိုက်စစ်ဟာ ဆာလာ တစ်ဦးတည်းကို အားကိုးနေရကာ ဒါဝင် နူးညက်စ်ထံက သွင်းဂိုးတွေ ရမလာဘူးလို့ ထောက်ပြချက်တွေ ဆက်တိုက် ထွက်လာနေတာပါ။
လီဗာပူးအသင်းမှာ နံပါတ် ၉ နေရာအတွက် ဂျိုတာနဲ့ ဒါဝင်တို့ ၂ ဦး ရှိနေပေမယ့် တစ်ဦးက ကြံ့ခိုင်မှုပိုင်း ပြဿနာကြီးတွေ ရှိနေကာ ကျန်တစ်ဦးကတော့ စွမ်းဆောင်ရည် တည်ငြိမ်ဖို့ရာ လိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ပက်ဒရိုကို ချိတ်ဆက်ပေးသူတွေထဲမှာ အင်္ဂလန်က နာမည်ကြီး သတင်းဌာန The Athletic က စတင်ထားခဲ့တာပါ။ အခုကတော့ ဘရာဇီးဘက်က သတင်းတွေမှာပါ လီဗာပူးအသင်းဟာ နွေမှာတော့ ခေါ်ယူဖို့ တိုက်စစ် ဦးစားပေး ပစ်မှတ်အဖြစ် ဘရိုက်တန်အသင်းမှ ဂျဝါပက်ဒရိုကို ရွေးချယ်ထားတယ်လို့ ဖော်ပြလာနေတယ်။
ဂျိုတာဟာ ၁၃ ပွဲကြာ အနားယူနေရာကနေ ပြန်လာနိုင်ဖို့ နီးစပ်နေပေမယ့် ဒီအပတ် ဖူလ်ဟမ်ပွဲမှာ ပွဲထွက်လူစာရင်းနေရာ ချက်ခြင်း ပြန်ဝင်လာနိုင်မယ် မထင်ရသေးပါဘူး။ အသင်းတိုက်စစ်မှာ ၅ ပွဲဆက် ပွဲထွက်ခွင့်ရထားတဲ့ ဒါဝင်ကလည်း ဂိုးမိုး ခေါင်နေတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ပက်ဒရိုအတွက် စတင် ချိတ်ဆက်နိုင်ပေမယ့် ဘရိုက်တန်တို့ လုပ်လေ့ရှိတဲ့ အပြောင်းအရွှေ့ ပုံစံတွေအရ နွေမှပဲ တရားဝင် ညိနှိုင်းမှု ပြုလုပ်နိုင်ဖွယ် ရှိနေတယ်။
ဘရိုက်တန်ဟာ စျေးကွက်မှာ ညိနှိုင်းဖို့ မလွယ်ကူဆုံး အသင်းအဖြစ်လည်း နာမည်ရထားပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက နည်းပါးဖွယ် မရှိပါဘူး။
လီဗာပူးအသင်းဟာ ၂၀၁၉ တုန်းက ဘရာဇီးကလပ် ဖလူမီနက်စ်ကနေ အင်္ဂလန်ကို ပြောင်းလာမယ့် ပက်ဒရိုကို အနီးကပ် စောင့်ကြည့်ခဲ့ပေမယ့် ခေါ်ယူရေးမှာ ဝတ်ဖိုဒ့်ကို အရေးမသာဖြစ်ခဲ့ဖူးပါတယ်။ ဆိုလိုတာကတော့ ပက်ဒရိုဟာ လီဗာပူးရဲ့ ကင်းထောက်မှုထဲမှာ ၅ နှစ်ထက်မနည်း ရှိနှင့်ပြီးသူပဲ ဖြစ်ပါတယ်။