

ခံစစ်မှူး အီဘူးဟာ ကြိုတင် မျှော်လင့်ထားတဲ့ ဒီဇင်ဘာအကုန်ထက် ခပ်စောစောမှာပဲ ဘောလုံးပြန်ကစားလာနိုင်ဖွယ် ရှိနေပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့တုန်းက ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ အီဘူးဟာ လီဗာပူးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၃ ပွဲကို လွဲချော်ထားခဲ့တာပါ။
ကံကောင်းစွာဘဲ ပြင်းထန် ဒဏ်ရာကို ရှောင်လွဲနိုင်ခဲ့တဲ့ အီဘူးဟာ ၂၀၂၄ လက်ကျန်ပွဲစဥ် အားလုံးကို ဘရတ်ဒလေ၊ ကိုစတက်တို့နည်းတူ လွဲချော်သွားနိုင်တယ်လို့ နည်းပြဆလော့က ထုတ်ပြောထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ မကုန်ခင်မှာတင် အီဘူး အသင်းရဲ့ လေ့ကျင့်ရေးထံ ပြန်ဝင်လာနိုင်တယ်လို့ သတင်းထောက် David Lynch က ထုတ်ဖော်လာခဲ့တယ်။ ဒါကလည်း ၁၀ ရက်မပြည်ခင် ဒူးအကာ ဖြုတ်လိုက်နိုင်တဲ့ အီဘူးရဲ့ gym ပုံရိပ်ကို ခန့်မှန်းပြီး ပြောတာလို့ ယူဆရပါတယ်။
“ သူ့ရဲ့ ဒူးမှာ အကာအကွယ် တပ်မထားတော့ပါဘူး။ ဒါက အားရစရာကောင်းပါတယ်။ သူ ဒဏ်ရာကနေ ၅-၆ ပတ်လောက် အနားယူရဖွယ် မရှိတော့ပါဘူး။ အဲ့မတိုင်ခင်ကို ပြန်သက်သာလာဖွယ် ရှိနေပါတယ်။
ဇန်နဝါရီထိ မရောက်ဘဲ ဒီဇင်ဘာ အကုန်လောက်မှာတင် အီဘူးကို ပြန်မြင်ရမယ် မျှော်လင့်ထားပါတယ်။ အသင်းလူစာရင်းထဲ သူ ချက်ခြင်းပြန်လာနိုင်တာက တကယ်ကို အားဖြစ်စေမှာပါ ” လို့ ပြောဆိုသွားပါတယ်။
ဒီအပတ် စနေနေ့ ဖူလ်ဟမ်နဲ့ပွဲပြီးရင် ကြားရက်မှာ ဆောက်သမ်တန်နဲ့ ကာရာဘောင်းပွဲ ကစားရမှာပါ။ အဲ့တာပြီးရင်တော့ စပါးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ရှိပါလိမ့်မယ်။ အဆိုပါ ၃ ပွဲလုံးကို အီဘူး ဆက်လက် လွဲချော်ဦးမှာဖြစ်တယ်။
ဒါပေမယ့်လို့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ယှဉ်ပြိုင်ရမယ့် လက်စတာ၊ ဝက်စ်ဟမ်းပွဲတွေမှာတော့ အီဘူး ပြန်လာနိုင်ဖို့ မျှော်လင့်နိုင်တော့မှာပဲ ဖြစ်ပါတယ်။