

နိုဝင်ဘာလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုရှင် အာနယ် ဆလော့က ဖူလ်ဟမ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ သတင်းကောင်း ပေးလာပါတယ်။
တိုက်စစ်မှူး ဂျိုတာဟာ ဒီအပတ် လီဗာပူး vs ဖူလ်ဟမ်ပွဲမှာ ပွဲနေ့ လူစာရင်းထဲ ပါဝင်လာနိုင်တယ်လို့ သိရပြီး ခီယေဆာလည်း ပါလာဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ လနဲ့ချီ လေ့ကျင့်ရေး မဝင်နိုင်ဖြစ်နေခဲ့တာပါ။
ဒီကာလတွေအတွင်း လီဗာပူးအသင်းမှာ ဒီယက်ဇ်၊ ဂက်ပို၊ ဒါဝင်၊ ဆာလာတို့ ၄ ဦးပဲ ရွေးချယ်စရာ ရှိခဲ့ပေမယ့် အခုတော့ တိုက်စစ်သမား ၆ ယောက်လုံးကို ပြန်ရွေးနိုင်တော့မှာပါ။
လီဗာပူးအသင်းဟာ သွင်းဂိုးတွေအတွက် ဆာလာ တစ်ဦးတည်းကို အဓိက အားကိုးနေရသလိုဖြစ်နေပြီး အခုလို လူပြန်စုံလာတာက အဓိက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက်ကော ပွဲထွက်နေရာ ပြိုင်ဆိုင်မှုအတွက်ပါ သက်ရောက်မှု ကြီးမားနိုင်ပါတယ်။
အာနယ် ဆလော့က “ ကျနော်ကတော့ ဂျိုတာကော ခီယေဆာပါ ဖူလ်ဟမ်ပွဲမှာ ရွေးချယ်လို့ရမယ် ထင်ပါတယ်။ ကျနော်တို့ နောက်ထပ် လေ့ကျင့်ရေး တစ်ချိန် ထပ်လုပ်ဖို့ ရှိနေပါတယ်။
ခီယေဆာက ပွဲတွေ အတော်လေး လွဲချော်ထားတယ်။ အချိန်အကြာကြီး အနားယူထားရတာပါ။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ဖျားထားတယ်။ သူ့ အခြေအနေ ဘယ်လိုလဲ သူ ဘာတွေကို လုပ်ပြနိုင်နေလဲ ကြည့်ရပါမယ်။
ဂျိုတာကတော့ လူစာရင်းထဲ ပါလာနိုင်ပါတယ်။ ခီယေဆာလည်း ပါလာနိုင်တယ်။ ဒါကလည်း ကျနော်တို့မှာ ရှိနေတဲ့ ကစားသမားတွေ ရွေးချယ်နိုင်မှုအပေါ် မူတည်ပါတယ် ” လို့ ပြောပြသွားတာ ဖြစ်ပါတယ်။