ဖူလ်ဟမ်ပွဲမှာ နည်းစနစ်ပိုင်းအရ ရဲရင့်လှသူ ၂ ဦးကို သုံးသပ်သူတွေ ထုတ်ဖော် ချီးကျူး

လီဗာပူးက ဖူလ်ဟမ်အသင်းကို ၂-၂ သရေကျတဲ့ပွဲဟာ ရမှတ်အားဖြင့် ထိခိုက်ခဲ့ပေမယ့် ဝေဖန်မှုထက် ချီးကျူးခံရခြင်း ပိုများခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

အဆိုပါပွဲအတွင်း ချီးကျူးခံရသူ တစ်ဦးကတော့ ဆိုဘိုစလိုင်ဖြစ်ကာ ၁ ယောက်လျော့ဖြင့် ရင်ဆိုင်နေရတဲ့ အသင်းတစ်သင်းအတွက် ရှိသမျှ နေရာလွတ်အကုန် ပိတ်ပေးဖို့ မနားတမ်း ပြေးလွှားပေးခဲ့တဲ့ လှုပ်အားနှုန်းအကြောင်း ထောက်ပြခံနေရပါတယ်။

ဆိုဘိုစလိုင်ဟာ အာနယ်ဆလော့ရဲ့ လူစာရင်းမှာ ဝိုက်နယ်ဒမ်နဲ့ ဆင်တူတဲ့ ကစားသမားအဖြစ် နှိုင်းယှဉ်မှုတွေ ရှိလာနေတယ်။ တိုက်စစ်အားသန် ကွင်းလယ်လူ ဂီနီဟာ လီဗာပူးကွင်းလယ်မှာတော့ အတောမသတ်တဲ့ ပြေးနှုန်းတွေနဲ့အတူ ကွင်းလယ် ယိုပေါက် မှန်သမျှ လိုက်ပိတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဖူလ်ဟမ်ပွဲမှာလည်း ဆိုဘိုစလိုင်ရဲ့ တစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်မှု၊ ကွင်းလယ်တန်းကို ထမ်းတင်ပေးနိုင်မှု၊ ဘောလုံးပြန်ဆယ်ယူနိုင်ခြင်း၊ ကွင်းတွင်းထိချက်နဲ့ တိကျတဲ့ ပေးချက် လုပ်နိုင်ခြင်းတွေဟာလည်း ကိန်းဂဏန်း အချက်အလက်တွေနဲ့တကွ ဖော်ပြခံရမှု ရှိထားပါတယ်။

နောက်ထပ် ချီးကျူးခံနေရသူ တစ်ဦးကတော့ နည်းပြအာနယ် ဆလော့ရဲ့ ရဲရင့်တဲ့ နည်းစနစ်ပိုင်း ကိုင်တွယ်ပုံအတွက် ဖြစ်ပါတယ်။ သတင်းဌာနတွေရဲ့ သုံးသပ်သူတွေကြားမှာ အပြင် နည်းစနစ်ပိုင်း စောင့်ကြည့်သူတွကပါ အာနယ် ဆလော့ဟာ နည်းစနစ်ကောင်းတဲ့ နည်းပြအဖြစ် ပြောလာရပါတယ်။

ဖူလ်ဟမ်ကို ရင်ဆိုင်ရမှာ ပုံမှန်အတိုင်း ၄-၃-၃ ပုံစံဖြင့် ခင်းကျင်းခဲ့ပေမယ့် ၁ ယောက်လျော့သွားချိန် လူစားလဲမှုတွေ လျှောက်လုပ်မနေဘဲ ကွင်းထဲ ရှိတဲ့ ကစားသမားတွေနဲ့ပဲ ၃-၃-၃ ပုံစံဖြင့် ကစားကွက်ကို အမြန်ထိန်းချုပ်ခဲ့တယ်။

လီဗာပူးအသင်းဟာ ၁ ယောက်လျော့ ကစားခဲ့ရပေမယ့် ဂရာဗင်ဘက်ချ်၊ ဆိုဘိုစလိုင်တို့ရဲ့ အားနဲ့အတူ နေရာလွတ်တွေ၊ အခွင့်အရေးကြီး ပေးရမှုတွေ အနည်းဆုံးဖြစ်အောင် စီမံနိုင်ခဲ့တယ်။

ဒုတိယပိုင်းအတွင်း သွင်းဂိုးအတွက် တိုက်စစ်ဆင်ရာမှာ ဖူလ်ဟမ်ရဲ့ တောင်ပံခြိမ်းခြောက်မှုကို ဂရုစိုက်မနေဘဲ တိုက်စစ်အားသန် ၄-၁-၄ ပုံစံတွေဖြင့် ဆက်တိုက် ကစားကွက်တွေကို ရဲရဲတင်းတင်းချိန်းပြခဲ့ပြန်တယ်။

အာနယ် ဆလော့ဟာ ဖိအားတွေအောက်မှာ အသင်းကို ပြာထွက်မသွားအောင် နည်းစနစ်လိုင်းကနေ ကစားကွက် အခင်းအကျင်း အပြောင်းအလဲတွေဖြင့် လမ်းညွှန်းနိုင်ခဲ့တာတွေအတွက် ချီးကျူးခံနေရတာဖြစ်ပါတယ်။