

ကာရာဘောင်းဖလားအဖြစ် ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ နည်းပြ အာနယ် ဆလော့ဟာ ပွဲချိန်တွင်း ကွပ်ကဲခွင့်ရမှာ မဟုတ်ပေမယ့် လူစာရင်းအတွက် ကြိုတင် စီမံခွင့်တော့ ရှိနေဆဲဖြစ်ပါတယ်။
ဆောက်သမ်တန်ပွဲကြိုမှာ လူငယ်တွေ ထုတ်သုံးမယ်လို့ သတင်းထွက်နေတာကြောင့် အကယ်ဒမီထွက်တွေရဲ့ အရည်အချင်းအကြောင်း မေးခံရချိန် အာနယ် ဆလော့က “ အရမ်းကို အကောင်းမြင်စရာမျိုးပါ ” လို့ ပြောပါတယ်။
ကွင်းလယ်နဲ့ တိုက်စစ်မှာ မာကာ၊ ဟာဗေး၊ ဂျိုတာ၊ ခီယေဆာ၊ မော်တန်၊ နိုင်ယွန်နီတို့လို ပွဲကစားချိန် လိုအပ်နေသူတွေ ရှိနေတာမို့ တောင့်တင်းစွာ ပွဲထွက်နိုင်ဆဲပါ။
အထူးမျှော်လင့်ရမှာက လူအင်အားနည်းနေတဲ့ ခံစစ်ဖြစ်ပြီး အာနယ် ဆလော့ကတော့ ဆောက်သမ်တန်ပွဲမှာ ပရိသတ်အားလုံး စပရိုက်ဖြစ်သွားမယ့် ခံစစ်ကြောင်းကို ထုတ်ဖို့လည်း ပြင်ဆင်ထားပါတယ်။
“ ခင်ဗျားတို့ နယ်လို (ခံစစ်မှူး) နဲ့ နော်ရစ် (ဘယ်အစွန်လူ) တို့အကြောင်း ပြောနေကြပေမယ့် လေ့ကျင့်ရေးမှာ ခြေစွာထားတဲ့ အခြား လူငယ်အချို့လည်း ရှိနေတယ်။
ကျနော်တို့မှာ ရွေးချယ်စရာ ခံစစ်သမား ၄ ဦးပဲရှိတာကို သိပါတယ်။ ပွဲချိန်အများကြီးကို ဆက်တိုက် ပါဝင်ကစားထားရသူ တစ်ဦးဦးကတော့ ဒီပွဲမှာ မိနစ် ၉၀ မကစားရတာဖြစ်လာနိုင်သလို လုံးဝ မကစားရတာလည်း ဖြစ်သွားနိုင်တယ်။
ဒီတော့ အကယ်ဒမီ ကစားသမားတွေကို နေရာပေးမလား ဒါမှမဟုတ် ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကစားသမားတွေကို ခံစစ်လိုင်းမှာ နေရာချသွားမလား တစ်ခုခုကိုတော့ ရွေးချယ်ရတော့မှာပါ ” လို့ အာနယ် ဆလော့က ဆိုလာခဲ့တာ ဖြစ်ပါတယ်။