ဒဏ်ရာကနေ ပြန်သက်သာလာပြီး ပထမဆုံး ပွဲကစားသွားတဲ့ ခီယေဆာရဲ့ ခြေစွမ်းကို နည်းပြဆလော့ အကဲဖြတ်

ဆောက်သမ်တန်ပွဲမှာ တိုက်စစ်မှူး ခီယေဆာဟာ ၄၅ မိနစ်ကြာ ပါဝင်ကစားသွားခဲ့တဲ့နောက် အီတလီသားရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြဆလော့က အကဲဖြတ်ပေးလာပါတယ်။

ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပထမဆုံး ပြန်ကစားရာမှာ ခီယေဆာဟာ ဂိုးရနိုင်လောက်တဲ့ အနေအထားမျိုး ရခဲ့သလို သူ့ရဲ့ နည်းစနစ်ကောင်းမှု အချို့ကိုလည်း ပြသခဲ့တယ်။ ဒါပေမယ့် တိုးတက်မှုလိုအပ်နေတဲ့ အခိုက်အတန့်တွေလည်း များခဲ့တာ ဖြစ်ပါတယ်။

ခီယေဆာနဲ့ ပတ်သက်လို့ ဆလော့ကတော့ “ ကျနော် မျှော်လင့်ထားတာတွေကိုပဲ မြင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်က ၅ လ ၆ လ လောက် ဘောလုံးမကစားထားတာမျိုးဆိုရင် သူ ပြန်ကစားတာနဲ့ အကောင်းဆုံးဆိုတာတွေချည်း မျှော်လင့်နေလို့ မရပါဘူး။

အတက် အကျတွေကို ကျနော် မြင်ခဲ့တယ်။ သူ့ထံက ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့အတူ ပိုကောင်းကောင်း လုပ်နိုင်မယ့် အခိုက်အတန့်တွေကိုလည်း မြင်ခဲ့တယ်လို့ ခံစားရတယ်။ ကျနော်အတွက်တော့ သူ့အနေအထားက ပုံမှန်ပါပဲ ” လို့ ပြောပါတယ်။

ခီယေဆာ ပြန်လာနိုင်ပေမယ့် ပွဲထွက်လူစာရင်းမှာ အရှိန်ကောင်း သိပ်ရနေသူတွေ များလာတာကြောင့် ပွဲကစားချိန် ပေးရေး အခက်တွေ့လာသလို ရာနှုန်းပြည့် ပွဲနေ့ကြံ့ခိုင်မှု အမြန်ရစေရေး ကူညီပေးဖို့ ခက်ခဲလာပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆလော့က “ ရာသီကြိုအပြီးမှာ ခီယေဆာက ဒဏ်ရာရခဲ့တာဖြစ်ပြီး အချိန်အကြာကြီး နားနေခဲ့ရတာပါ။ အခု သူ ပြန်သက်သာလာပေမယ့် အကောင်းဆုံး ခြေစွမ်းကို ချက်ခြင်းမြင်ရဖို့ ခက်ခဲပါတယ်။ ဒီပွဲမှာတော့ သူ့ရဲ့ အရည်အချင်း အချို့ကို ပြသခဲ့တာပေါ့လေ။

သူက သူ့ရဲ့ အကောင်းဆုံး လယ်ဗယ်ကို ပြန်မရသေးပါဘူး။ ဒါ့အပြင် မို၊ ဂက်ပို၊ လူချို၊ ဒါဝင်၊ ဂျိုတာတို့နဲ့ ပွဲကစားခွင့် ယှဉ်ပြိုင်ရဦးမှာပါ။ ဒါပေမယ့် သူ ပြန်လာတာကို အကောင်းမြင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ခီယေဆာဟာ မြန်နှုန်းပိုင်းမှာ အရှိန်ပြန်ရလာဖို့ လိုအပ်နေသေးပေမယ့် ဘောလုံးရာသီအရှည်ကြီးမှာ အသင်းအတွက် ကူညီပေးနိုင်မယ့် အလားအလာမျိုးတော့ မြင်ရကြောင်း မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။