

လီဗာပူး ခံစစ်မှူး လုခ်ချမ်ဘာက ဒီနွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ယူ-၂၀ ကမ္ဘာ့ဖလား လူစာရင်းကနေ နှုတ်ထွက်ခဲ့ခြင်းအတွက် နောင်တမရဘူးလို့ ပြောပြလာပါတယ်။
လုခ်ချမ်ဘာဟာ လီဗာပူးအသင်းမှ ခံစစ်မှူး ကွမ်ဆက်နည်းတူ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။ ဒါပေမယ့်လို့ စကော့တလန်ကလပ် Kilmarnock အသင်းထံ အငှားထွက်နေတဲ့ ဘယ်ခြမ်း အစွန်လူဟာ သက်တမ်းအလိုက် လက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
Kilmarnock ဟာ စကော့တလန်လိဂ်မှာ တန်းမဆင်းရရေး ရုန်းကန်နေရတာဖြစ်ပြီး ချမ်ဘာက အာဂျင်တီးနားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲထံ သွားရောက်ဖို့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမယ်ဆိုရင် စကော့တလန်ကလပ်ရဲ့ လက်ကျန် ၃ ပွဲကိုလွဲချော်သွားမှာ ဖြစ်ပါတယ်။
မနှစ်ကရာသီမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုဖလား အနိုင်ရခဲ့ပြီးဖြစ်တဲ့ ၁၈ နှစ်အရွယ် ချမ်ဘာကတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဆိုပေမယ့် တန်းဆင်းဇုန် တိုက်ပွဲမှာ ပါဝင်နိုင်ရေး ဦးစားပေးဖို့ အင်္ဂလန် ယူ-၂၀ အသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။
“ ဒီဆုံးဖြတ်ချက်က ခက်ခဲပါတယ်။ ဒါပေမယ့်လို့ Kilmarnock အသင်းကော အသင်းက ဝန်ထမ်းတွေကပါ ကျနော်အပေါ် သိပ်ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ လက်ကျန် ၃ ပွဲကို မပါဝင်ပေးတာမျိုး မလုပ်ချင်ပါဘူး။
ကျနော် အသင်းနဲ့ပဲ ဆက်ရှိနေမှာပါ။ တတ်နိုင်သလောက် အသင်းကို ကူညီပေးဖို့ ကြိုးစားမှာပါ။ အင်္ဂလန်အသင်းနဲ့အတူ ပြိုင်ပွဲကြီးထံ သွားရောက် ယှဉ်ပြိုင်ခွင့်ရလာခဲ့ပြီး ကလပ်ဘက်က အခြေအနေကို နားလည်ပါတယ်။ သူတို့က ကျနော် စိတ်ကြိုက် ဆုံးဖြတ်ခွင့် ပေးခဲ့ပါတယ်။
ကျနော် နောင်တမရပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို လုပ်ခဲ့တာပါ။ ဒီကို ရောက်လာတာ ကာလတိုပဲ ရှိသေးပြီး ရာသီကုန်ရင် ကျနော် လီဗာပူးကို ပြန်သွားပေမယ့်လို့ ဒီအသင်းအပေါ် ကူညီချင်ပါတယ်။ ” လို့ ချမ်ဘာက ပြောဆိုသွားတာ ဖြစ်ပါတယ်။