ဖာမင်နို၊ ဒါဝင် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကလော့ပ်က သတင်းသစ် ပေးလာပါတယ်

လီဗာပူးရဲ့ နောက်ဆုံး ၆ ပွဲမှာ ကြွက်သား ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ဖာမင်နိုဟာ ဒီအပတ်ပွဲအတွက် ကြံ့ခိုင်မှု ကောင်းနေပါတယ်။

ဒါပေမယ့်လို့ ဒီနောက်ပိုင်းမှာ ပွဲထွက်လူစာရင်း နေရာကို ဆုံးရှုံးထားတဲ့ ဒါဝင် နူးညက်စ်ကတော့ ခြေချောင်းဒဏ်ရာကြောင့် လက်စတာပွဲမှာ မပါနိုင်ခဲ့ပါဘူး။ သူဟာ ဒီအပတ် အက်စတွန်ဗီလာပွဲကိုလည်း ဆက်လွဲဦးမှာပါ။

ဒီအပတ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က ဒဏ်ရာရ ကစားသမားတွေအကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အက်ဖ်အေရဲ့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ဗီလာနဲ့ပွဲကို လွဲချော်သွားဖို့ ရှိပါတယ်။

ကလော့ပ်က ” ဒီအခြေအနေမှာ ကျနော် သိသလောက်ကတော့ ဘော်ဘီ ပါနိုင်ပေမယ့် ဒါဝင်နူညက် ပါနိုင်မှာ မဟုတ်ပါဘူး။ အသေးစိတ် အချက်အလက်တွေတော့ ကျနော်လည်း မရသေးပါဘူး။ ” လို့ ပြောပြခဲ့ပါတယ်။

ဒါဝင်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ကလော့ပ်က အခုလို ပြောထားပါတယ်။ ” ဒါဝင် မပါနိုင်ပါဘူး။ သူ့ရဲ့ ခြေချောင်း အရွတ်တွေ ယောင်နေပါတယ်။ အတော်လေး နာနေပါတယ်။ တစ်ပတ်လုံလုံး သူ လေ့ကျင့်ရေး မဆင်းနိုင်ပါဘူး။ ”

ရမ်ဆေး၊ ဘာ့ဆီတစ်၊ သီယေဂိုလို ကစားသမားတွေနဲ့ ပတ်သက်လို့လည်း လီဗာပူး နည်းပြက ” ကာလရှည် နားရမယ့် ကစားသမားတွေကလည်း ဆက်ပြီး အနားယူနေရဦးမှာပါ အခြား ကစားသမားတွေတော့ ပါနိုင်မှာပါ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။