

စပါးကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရတဲ့ပွဲအပြီး ကွင်းလယ်လူ ဆိုဘိုစလိုင်နဲ့ ပတ်သက်လို့ ချီးကျူးသံတွေ ပြန်ပြီး ပွထလာနေပြီဖြစ်ပါတယ်။
ဟန်ဂေရီသားရဲ့ လှုပ်အားနှုန်းနဲ့ သူ့ရဲ့ အရည်အချင်းကို ဘယ်သူကမှ သံသယ မဝင်ပေမယ့် ဒီရာသီမှာ သူလုပ်နိုင်တယ်လို့ အားလုံး သိထားကြတာ စွမ်းဆောင်ရည်မျိုးရဲ့ အောက်မှာပဲ စွမ်းဆောင်နိုင်ခြင်းနဲ့အတူ ဆိုဘိုအပေါ် စိတ်ပျက်မှုတွေလည်း ရှိနေကြတာပါ။
စပါးပွဲမှာတော့ လီဗာပူးရဲ့ ဖိအားပေးစက်ကြီးဟာ ကွင်းလယ်မှာ တောက်လျှောက် ပြေးလွှား အားထုတ်ခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်စိတ် ကင်းမဲ့တဲ့ ခံစစ်ပိုင်း ပြေးလွှားခြင်းနဲ့ စပါးခံစစ်ကြောင်းကို ဖြိုခွင်းသွားတဲ့ တိုက်စစ်ပိုင်း လှုပ်ရှား ထိုးဖောက်မှုတွေကြောင့်ပဲ ပရိသတ်တွေရဲ့ လေးစားခြင်းကို ပြန်ရခဲ့ပါတယ်။
ဆိုဘိုစလိုင်ဟာ နံပါတ် ၈ ကစားသမားတစ်ယောက် လုပ်ပြရမယ့် သွင်းဂိုးအတွက် တိုက်ရိုက် ပါဝင်နိုင်စွမ်းတွေမှာလည်း ဝေဖန်ခံရမှုတွေ ရှိထားပေမယ့် စပါးပွဲမှာတော့ ကိုယ်တိုင် ဂိုးသွင်းသလို အသင်းဖော် ဆာလာအတွက်လည်း ဖန်တီးပေးနိုင်ခဲ့တယ်။
အသင်းရဲ့ ဒုတိယဂိုး၊ တတိယဂိုး၊ စတုတ္ထဂိုးတွေဟာ ဆိုဘိုစလိုင်း ပါဝင်ပူးပေါင်းမှုကနေ ရခဲ့တဲ့ သွင်းဂိုးတွေပဲ ဖြစ်ပါတယ်။ ဒီတလော လီဗာပူးက လိုင်ယွန်အသင်းကနေ ချာကီကို ခေါ်ယူမယ်လို့ အသံထွက်လာခြင်းက ဆိုဘိုကို ပေါက်ကွဲပြစေခဲ့လေသလားဆိုတဲ့ ပျက်လုံးတွေလည်း အထုတ်ခံလာရစေတယ်။
ဒီရာသီ သူ့ရဲ့ အကောင်းဆုံးပွဲကို ကစားခဲ့ခြင်းအတွက် ဆိုဘိုဟာ ပရိသတ်တွေနဲ့ ဝေဖန်ရေးသမားတွေထံက မှတ်ချက်ကောင်းတွေအပြင် နည်းပြ ဆလော့ရဲ့ အသိအမှတ် ပြုမှုကိုလည်း ရရှိနေပါတယ်။
ဆလော့ ကိုယ်တိုင်ကလည်း ” ဒါက ကျနော်ရဲ့ ပထမဆုံးနှစ်နဲ့ သူ့ရဲ့ ဒုတိယဘောလုံးရာသီဆိုတော့ ဆိုဘိုရဲ့ စွမ်းဆောင်ရည် အားလုံးကိုတော့ မသိဘူး။ ဂိုးတွေသွင်းရင်တော့ တိုက်စစ်သမားတွေက ထင်ပေါ်မှာပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖူလ်ဟမ်ပွဲကိုပဲကြည့် သူ့ရဲ့ လှုပ်အားနှုန်းကြီးက အရမ်းကောင်းခဲ့တယ်။
ဒီနေ့ စပါးပွဲမှာလည်း သူ့ထံက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ကျနော် မြင်တယ်။ သူ့ရဲ့ ပထမဆုံးသော အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ပေမယ့် ဒီစွမ်းဆောင်ရည်က သူလုပ်ပေးခဲ့သမျှ အကောင်းဆုံးထဲ ပါဝင်ပါလိမ့်မယ် ” လို့ ချီးကျူးသွားပါတယ်။