NEWS: ဆာလာထက် လုပ်ခပိုရဖို့ ထရန့် တောင်းဆိုနေကြောင်း ကိစ္စရဲ့ သတင်းမှန်

လီဗာပူးအသင်းဟာ ဒီကာလတွေအတွင်း ညာအစွန်လူ ထရန့်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ စကားပြောမှု ဆက်ရှိနေတယ်လို့ ယုံကြည်ရပေမယ့် အခြေအနေတွေက တိတ်ဆိတ်လိုနေပါတယ်။

ကလပ်ဘက်ကကော ကစားသမားဘက်ကပါ အခြေအနေကို အများမြင်အောင် ချပြလာခြင်း မရှိပေမယ့် မမှန်ကန်စွာ ထွက်ပေးနေတဲ့ ကိစ္စတစ်ရပ်အတွက် သတင်းထောက် Lewis Steele ဘက်က ရှင်းလင်းမှု လုပ်လာနေပါတယ်။

ဖွသတင်းတွေမှာတော့ ထရန့်ဟာ သူ့ရဲ့ စာချုပ်သစ်မှာ ဆာလာ၊ ဗန်ဒိုက်တို့ထက် ပိုများတဲ့ လခမျိုး တောင်းဆိုထားတယ်လို့ ဆိုနေကြတာပါ။ အဆိုပါသတင်းတွေက မှန်ကန်ခြင်း မရှိပါဘူး။

Lewis Steele ကတော့ လီဗာပူးနဲ့ ထရန့်ရဲ့ စာချုပ်ကိစ္စ ဆုံးဖြတ်ချက်မှာ ငွေကြေးက အဓိကအဖြစ် ပါဝင်နေတာမျိုး မဟုတ်ဘူးလို့ ရှင်းလင်းလာပါတယ်။

ထရန့်ဟာ နှလုံးသားကို ဦးစားပေးရမလား ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်နောက် လိုက်မလား ဝေခွဲမရဖြစ်နေတာပါ။ ရှင်းရှင်းလင်းလင်း ပြောရရင် လီဗာပူးမှာ ဆက်နေမလား ရီးရဲလ်ကို ပြောင်းမလားကို ထရန့်ဘက်က ဆုံးဖြတ်နေတာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကကော ထရန့်ဘက်ကပါ လက်တွေ့ကျတဲ့ တောင်းဆိုမှုတွေဖြင့်ပဲ စာချုပ်ကိစ္စကို စကားပြောနေကြကာ နှစ်ဖွဲ့လုံးက အခြေအနေကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နေကြတယ်လို့ သိရပါတယ်။

အဖွဲ့တွေဘက်က စာချုပ်ကိစ္စတွေကို သိုဝှက်စွာ ကိုင်တွယ်နေကြခြင်းကြောင့်ပဲ အမျိုးစုံသော ထင်မြင်ချက်တွေဖြင့် ဖွသတင်းမျိုးတွေကို ထွက်ခွင့်ပေးထားသလို ဖြစ်နေစေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။