ကျနော် ငိုမှာ ဆိုတဲ့ ဘော်ဘီ၊ ဂွာဒီယိုလာ ပြောတဲ့ ထရန့် ပြဿနာသစ်၊ အယ်လစ္စတာဘက်က မီးစိမ်းပြလိုက်ခြင်း၊ ဗီလာပွဲလွဲမယ့် ဒါဝင်နဲ့ လီဗာပူး သတင်းများ

ဘရန့်ဖိုဒ့်ကို အနိုင်ရအပြီး ဘာစီလိုနာထံ လီဗာပူးအသင်းသားတွေ ၃ ရက်သာ ခရီးထွက်ခဲ့ခြင်းက ဘော်ဘီ၊ မီလ်နာနဲ့တကွ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို အသင်းဖော်တွေက သေချာလေး နှုတ်ဆက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံရတာအတွက် အရမ်းကို ပျော်ရွှင်ကြောင်း ဖာမင်နိုက ဝန်ခံခဲ့ပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေ သူ့ကို နှုတ်ဆက်ကြရင် ငိုမိမှာ သေချာတယ်လို့ ပွဲကြိုမှာ ထုတ်ပြောလာခဲ့ပါတယ်။

အနာဂတ်မှာ အန်ဖီးကို နည်းပြအဖြစ် ပြန်ရောက်လာနိုင်မလား ဘယ်သူမှ မသိပါဘူးလို့ ဘော်ဘီက မှတ်ချက်ပေးခဲ့ပေမယ့် သူ လီဗာပူးကနေ ထွက်ခွာပြီးရင် ကစားသမားဘဝက အနားယူဦးမှာ မဟုတ်ဘဲ ဘောလုံး ဆက်ကစားဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။

လီဗာပူးအသင်းမှာ ဆာလာ၊ မာနေးတို့လို အသင်းဖော်တွေနဲ့ တွဲဘက်ပြီး ဆာ၊ဖာ၊ မာ ခေတ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်းကို ဘော်ဘီက အတော်လေး ဂုဏ်ယူနေပါတယ်။

လီဗာပူးဖန်ဆိုဒ် တစ်ခုနဲ့ တွေ့ဆုံ စကားပြောမှုမှာ ကွင်းလယ်လူ အယ်လစ္စတာက အန်ဖီးကို ပြောင်းဖို့ ခေါင်းညိတ်ခဲ့ပြီလို့ သတင်းထောက် ရိုမန်နိုက ပြောပြသွားပါတယ်။

ဒဏ်ရာကြောင့် ဒါဝင်ဟာ အက်စတွန်ဗီလာပွဲကို ဆက်လွဲဦးမှာဖြစ်ပြီး ဘော်ဘီကတော့ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းက ဒီနွေမှာ ဘရိုက်တန်ကနေ အယ်လစ္စတာကို ခေါ်ယူဖို့ အခွင့်အရေးကောင်း ရနေပြီလို့ The Athletic သတင်းထောက် David Ornstein က ဖော်ထုတ်လိုက်ပါတယ်။ ဒါပေမယ့်လို့ ကစားသမားရဲ့ ရှုပ်ထွေးတဲ့ စာချုပ်ကြောင့် ဘရိုက်တန်နဲ့ အတော်လေး ညိနှိုင်းယူရပါလိမ့်မယ်။

လီဗာပူးအသင်းဟာ ဂိုးသမားနေရာကလွဲရင် ကျန်တဲ့ နေရာတိုင်းကို အင်အားဖြည့်ဖို့ လေ့လာကြည့်ရှုမှုတွေ ပြုလုပ်နေပါကြောင်း ကလော့ပ်က အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ခံစစ်ကိုလည်း အသင်းဘက်က ပြန်စိစစ်ဖွယ် ရှိပါတယ်။

လီဗာပူးက ကလယ်ဟာကို ပေါင် သန်း ၂၀ နဲ့ ရောင်းထုတ်မယ်လို့ သတင်းထွက်နေပေမယ့် ကလော့ပ်ကတော့ ဂိုးသမားလေးကို ရောင်းမှာ မဟုတ်ကြောင်းနဲ့ သိပ်ကို ကောင်းလွန်တဲ့ စာချုပ်ရမှပဲ စဉ်းစားပေးမယ်လို့ ပြောဆိုပါတယ်။

အသင်းဟာ တတိယ ဦးစားပေး ဂိုးသမားဖြစ်သူ အတ်ဒရီယန်ကို စာချုပ်သစ် ပေးဖွယ်ရှိပြီး ဂိုးသမားနေရာတွေကို တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားဖွယ် ရှိပါတယ်။

ဒီရာသီ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်က ဒီဘရိုင်းပါပဲလို့ ဗန်ဒိုက်က ဘီဘီစီ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။

ထရန့်ဟာ လီဗာပူးကစားသမားဘဝ တစ်လျှောက်လုံး အပြင်ဘက် တောင်ပံတစ်လျှောက်ပဲ ကစားခဲ့တာဖြစ်ပြီး အခုလို အတွင်းဝင်ကစားလာပြီမို့ ကလပ်တွေဟာ ဖန်တီးရှင်ကို ဘယ်လို ရပ်တန့်မလဲဆိုတဲ့ ပြဿနာသစ် တိုးလာနေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။