ပရီးမီးယားလိဂ်မှာ သူ အထ-င်-ကြီး-တာ တစ်သင်းတည်းရှိတယ်လို့ တိုက်စစ်မှူး ကူညာ ဆို

ဝုဗ်တိုက်စစ်မှူးကူညာကတော့ မနေ့က မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရတဲ့ ပွဲအပြီး လီဗာပူးအသင်းအပေါ်ထားတဲ့ စိတ်ထားအား ဖွင့်ပြလာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုး ရထားတဲ့ ကူညာဟာ ရွှေဖိနပ်ဆုမှာ မိုဆာလာကို ဖိအားပေးနေတဲ့ တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူဟာ မကြာခင် ဘရာဇီး လက်ရွေးစင်အတွက် အရွေးချယ်ခံရမယ်လို့ သတင်းကြီးနေသူဖြစ်တယ်။

ဘွန်ဒက်လီဂါ၊ လာလီဂါတို့မှာ ကျင်လည်ခဲ့ဖူးတဲ့ ဘရာဇီးသား အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ခြေစွမ်း တောက်ပမှုကြောင့် သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေ များပြားလာနေပါတယ်။

လန်ဒန်ကလပ် အာဆင်နယ်ကဆိုရင် လာမယ့် ဇန်နဝါရီ စျေးကွက်မှာတင် ခေါ်ယူလိုနေကြောင်း သိသာတဲ့ စိတ်ဝင်စားမှု ပြသလာနေပါတယ်။

ယူနိုက်တက်ကို ၂-၀ အနိုင်ရတဲ့ပွဲအပြီးမှာ အပြောင်းအရွှေ့ မေးခွန်းအဖြစ် ” မင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စကားပြောပေးနိုင်မလား? အနာဂတ်မှာ ကစားရဖို့ဆိုပြီး မင်း အိပ်မက်မက်ရတဲ့ ကလပ်များရှိမလား?” လို့ စကိုင်းစပေါ့ရဲ့ ရုပ်သံသတင်းထောက်က မေးမြန်းခဲ့တယ်။

ကူညာကတော့ ရယ်မောပြီး “ အခု ကျနော်က ဝုဗ်အသင်းအတွက် ကစားပေးနေတဲ့ ကစားသမား တစ်ယောက်ပါ။ အထင်ကြီးရတဲ့ ကလပ်ဆိုရင်တော့ လီဗာပူးအသင်းပါပဲ ” လို့ ပြန်ဖြေဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နံပါတ် ၉ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူလိုနေကြောင်း သတင်းထွက်နေခဲ့ကာ ကူညာရဲ့ တုန့်ပြန်ချက်ဟာ အသင်း တာဝန်ရှိသူတွေအတွက် အချက်ပေးသံ ဖြစ်လာစေမလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။