

ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအတွက် အားကောင်းတဲ့ ပြိုင်ဘက်က တစ်သင်းတည်း ရှိပါတယ်လို့ မိုက်ကယ်အိုဝင်က ပြောလာပါတယ်။
ဘောင်ဆင်ဒေးမှာ အနိုင်ရတဲ့ တစ်သင်းတည်းသော ကြီး ၆ ကြီးကလပ်ဖြစ်တဲ့ လီဗာပူးဟာ နည်းပြသစ်နဲ့အတူ ရလဒ်ကောင်းတွေ အံ့မခန်း ရယူလာနေတာပါ။ အိုဝင်ကတော့ လီဗာပူးနဲ့ ဘက်ပြိုင်နိုင်မယ့်အသင်း ရှားပါးတယ်လို့ မြင်ပါတယ်။
“ လီဗာပူးကတော့ လက်ရှိ အခြေအနေကို ပျော်နေပါလိမ့်မယ်။ လီဗာပူးက ကွင်းထဲကို ဝင်ချလာတယ်၊ ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘဲ ကိုယ့်ဘာသာပဲ အာရုံစိုက်တယ်လို့ လူတွေက ပြောကြတယ်။ သူတို့ ပြောတာ မှန်ပါတယ်။ လီဗာပူးက ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေတာပါ။
ဒါပေမယ့် အနီးနားက အသင်းတွေကတော့ ရလဒ်တွေ ထိခိုက်နေတယ်။ ချယ်ဆီး ရှုံးသွားတယ်၊ မန်စီးတီး ရမှတ်တွေ လျော့သွားတယ်။ အမှတ်ပေးဇယားကို ကြည့်တဲ့ အခါမှာ လီဗာပူးကို ဒုက္ခပေးနိုင်မယ့် တစ်သင်းတည်းသော အသင်းက အာဆင်နယ်လို့ ထင်ပါတယ်။
ချယ်ဆီးကိုတော့ ထည့်မတွက်ပါဘူး၊ သူတို့က ငယ်ရွယ်လွန်းတယ်၊ အတွေ့အကြုံ နည်းတယ်။ ဖောရက်စ်က ဘောလုံးရာသီကောင်း ပိုင်ဆိုင်နေပေမယ့် သူတို့ ကိုင်တွယ်နိုင်မယ့် အခြေအနေ မဟုတ်ဘူး။ နယူးကာဆယ်က သိပ်ဝေးလွန်းတယ်။ ဘုန်းမောက်ကလည်း ပုံစံကောင်းနေပေမယ့် ဖလားပြိုင် စိန်ခေါ်နိုင်မှာ မဟုတ်ဘူး။
ကျနော်အတွက်ကတော့ အာဆင်နယ် တစ်သင်းတည်းကပဲ လီဗာပူးကို ဒုက္ခပေးနိုင်မယ့် အသင်းဖြစ်ပါတယ်။ ” လို့ အိုဝင်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၄ ခုစလုံးမှာ ပါဝင် ယှဉ်ပြိုင်နေရဆဲအသင်း ဖြစ်တာကြောင့် မကြာခင်မှာ ပွဲကြပ်တွေကို ရင်ဆိုင်ရမှာဖြစ်ကာ ကစားသမား ကြံ့ခိုင်မှုပိုင်း အားထည့်နိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။