

မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ဟာ လီဗာပူးအသင်းမှာ ဆက်နေလိုကြောင်း အသင်းတာဝန်ရှိသူတွေကို သဘောထား ပြသထားပြီး စာချုပ်ကိစ္စ ဆက်လက် ဆွေးနွေးမှု လုပ်နေဆဲပါ။
သူတို့ ၃ ဦးထဲမှာ ကလပ်ရဲ့ ဦးစားပေးက ဗန်ဒိုက်ကို သက်တမ်းတိုးဖို့နဲ့ ဆာလာကို ဆက်ထိန်းဖို့ပဲ ဖြစ်ပါတယ်။
စပိန်သတင်းတွေဘက်က ရီးရဲလ်မက်ဒရစ်ကို ထရန့် ပြောင်းလာမယ်လို့ ဆက်တိုက် ဖော်ပြနေပေမယ့် သူတို့ရဲ့ သတင်းက ရေရာမှုမရှိဘဲ အကြောင်းအရာ တစ်ခုတည်းကို ထပ်ခါ ထပ်ခါ ဖော်ပြနေပြီး မျှော်လင့်ချက် အားနည်းနေတယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဆိုပါတယ်။
စပိန်ဘက်ကလည်း ဇန်နဝါရီကို ရောက်ဖို့ နီးစပ်လာလေ ထရန့်ကို စားပွဲဝိုင်ထိုင်ပြီး စကားပြောခွင့်ရဖို့ နီးစပ်လာလေဖြစ်တာမို့ သူတို့ဘက် အခြေအနေကောင်းလာနေပြီ ပြောပါတယ်။
ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ အီဘူးနဲ့ ဘရတ်ဒလေတို့ဟာ ဝက်စ်ဟမ်းပွဲမှာ ပါဝင်ဦးမှာ မဟုတ်ပေမယ့် နှစ်သစ်မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်ချေ ရှိတယ်လို့ နည်းပြအာနယ် ဆလော့က ပြောပါတယ်။
ဗန်ဒိုက်က အင်စတာဂရမ်မှာ The Show goes on လို့ ရေးခဲ့ပြီး ဒီစကားဟာ အသင်းမှာ ဆက်နေရေးကိစ္စ အဆင်ပြေနေပြီလို့ ဖော်ပြတာအဖြစ် ယူဆခံနေရပါတယ်။
ဇန်နဝါရီမှာ မော်တန်ကို အငှားချမှာ မဟုတ်ဘဲ ပေါင် သန်း ၂၀ တန်ကြေးရှိ ကမ်းလှမ်းမှုရမှ အပြောင်းအရွှေ့ စဉ်းစားပေးမှာပါ။ အန်ဒိုကိုလည်း ရောင်းချတာ အငှားချတာမျိုး လုပ်မှာ မဟုတ်ပါဘူး။
ရာသီကုန်ထိ နောက်ထပ် ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲ ကစားရဦးမှာဖြစ်ကာ လက်ရှိ ကစားထားတာထက်တောင် ပိုကစားရဦးမှာမို့ အောင်ပွဲခံဖို့ရာ စောလွန်းတယ်လို့ ဆလော့က သတိပေးပါတယ်။
လီဗာပူးအသင်းဟာ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်နဲ့ ကိုစတက် ၂ ဦး ရှိနေတာကြောင့် ဇန်နဝါရီမှာ ဘယ်အစွန်လူသစ် မခေါ်သေးဘဲ နွေအထိ စောင့်ဆိုင်းနိုင်ချေရှိကြောင်း သတင်းထွက်နေပါတယ်။
စူပါကွန်ပျူတာကတော့ လီဗာပူးအသင်း ရာသီကုန် ချန်ပီယံဖြစ်နိုင်ချေအား ၈၈% ထိ အမှတ်ပေးနေပြီဖြစ်ပါတယ်။
အိုဝင် ဟားဂရေဗ့်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အားနည်းချက်မရှိတဲ့ တစ်သင်းတည်းသော အသင်းက လီဗာပူးပါလို့ ပြောဆိုသွားပါတယ်။