NEWS: ဘယ်အစွန်လူ နေရာ အင်အားဖြည့်ရေးအတွက် လီဗာပူးတာဝန်ရှိသူတွေရဲ့ သဘောထား

လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ရမှတ်တွေ ဖြတ်ထားနိုင်သလို အင်္ဂလန်သုံးသပ်သူ အများအပြားကလည်း လက်ရှိ အားနည်းချက်မရှိတဲ့ ပရီးမီးယားလိဂ် အသင်းအဖြစ် ချီးကျူးနေကြတာပါ။

ဒီလို အနေအထားမှာ လီဗာပူးအသင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ မကောင်းမြင်ဖို့ရာ ခက်ခဲပေမယ့် ပရိသတ် အများစုကတော့ ဘယ်အစွန်လူသစ် ခေါ်ယူရေးကို တောင်းဆိုမှု များပြားထားပါတယ်။

လက်ရှိ အာနယ် ဆလော့ရဲ့ အသင်းမှာတော့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အသက် ၃၀ အရွယ် ရော်ဘတ်ဆန်နဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် ကိုစတက်တို့ နှစ်ဦး ရှိနေတာပါ။

အထူးသဖြင့် ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းမှာ ကာလရှည် အသုံးတော်ခံလာခဲ့သူ ဖြစ်သလို ဆုဖလားကြီး အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကြိုမှာ ဒဏ်ရာရခဲ့ကာ ဒီဇင်ဘာ ကုန်ချိန် ရောက်လာတဲ့ထိ အသင်းရဲ့ ဘယ်အစွန်နေရာက အားကောင်းမနေပါဘူး။

လက်စတာကို ရင်ဆိုင်တဲ့ပွဲမှာ ရော်ဘတ်ဆန်ရဲ့ နေရာဟာ အမှားတွေဖြစ်ခဲ့တယ်လို့ ထောက်ပြခံရမှုတွေလည်း ရှိနေတယ်။ ဒါပေမယ့် လီဗာပူးအသင်း တာဝန်ရှိသူတွေကတော့ ဘယ်အစွန်နေရာ အားဖြည့်ရေးကို ၆ လ နောက်ဆုတ်သွားမယ့် အခြေအနေ ဖြစ်ပါတယ်။

ဘယ်အစွန်အတွက် လီဗာပူးဘက်က လှုပ်ရှားထားမှုတွေကတော့ နွေတုန်းက အာဂျင်တီးနား ဘယ်အစွန်လူ Julio Soler ကို တရားဝင် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ဘုန်းမောက်က ကာ့ဇ်နဲ့ ဖူလ်ဟမ်က ရော်ဘင်ဆန်တို့ကို ဆက်တိုက် ကင်းထောက်ကြည့်နေတာမျိုး လုပ်ထားပါတယ်။

သတင်းထောက် David Lynch ကတော့ ဇန်နဝါရီမှာ လီဗာပါ်ဘက်က ဘယ်အစွန်လူ အင်အားဖြည့်ရေး ပြုလုပ်ဖွယ် မရှိဘူးလို့ သူ့ရဲ့ လီဗာပူးသတင်းရင်းမြစ်ကို ကိုးကားပြီး ပြောပါတယ်။ ဘယ်အစွန်မှာ စီနီယာ ၂ ဦးထိ ရှိနေတာမို့ အပြောင်းအလဲ လုပ်ရေး နွေအထိ ပြန်စောင့်သွားမယ်လို့ သိရတယ်။

လီဗာပူးအသင်း လူစာရင်းမှာ ခံစစ်ပိုင်း အားနည်းမှုရှိကြောင်းကို နည်းပြဆလော့က အသိပေးမှု လုပ်ထားဖူးပါတယ်။ နည်းပြချုပ်ကတော့ လူသစ်မရရင်လည်း အပြင်းအထန် တောင်းဆိုနေမှာ မဟုတ်ဘဲ လက်ရှိ လူစာရင်းနဲ့ပဲ ရှေ့ဆက်ဖွယ်ရှိနေပါတယ်။