မင်းတို့လည်း မင်းတို့အလုပ်ကိုလုပ် ငါလည်း ကိုယ့်အလုပ် ကိုယ်လုပ်မယ် ပြောလာတဲ့ အာနယ် ဆလော့

လီဗာပူးအသင်းဟာ ၂၀၂၅ မဝင်ခင် ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုးနိုင်ဖို့ လိုအပ်နေပြီး ပွဲကြိုတိုင်းမှာ သတင်းထောက်တွေက ဒီအကြောင်းကိုပဲ မေးနေကြတာပါ။

ဒီရက်ထဲမှာတော့ ဗန်ဒိုက်က လီဗာပူးနဲ့ သက်တမ်းတိုး အောင်မြင်ခဲ့ပြီဆိုတဲ့ သတင်းနဲ့ ထရန့်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းလိုနေတယ်ဆိုတဲ့ သတင်း ၂ ရပ် အတော်လေး လူပြောများနေပါတယ်။ ထရန့်နဲ့ ရီးရဲလ်မက်ဒရစ် သတင်းတွေကို လီဗာပူးသတင်းရင်းမြစ်တွေကတော့ ခိုင်ခိုင်မာမာကြီး ငြင်းဆန်ပါတယ်။

စာချုပ်ကိစ္စဟာ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ တာဝန်ပါလို့ လူသိထင်ရှား ပြောထားဖူးတဲ့ အာနယ် ဆလော့ကပဲ သတင်းထောက်တွေကို မေးခွန်းတွေကို ဆက်မေးနိုင်ကြောင်းနဲ့ သူ့ထံကတော့ ဘာအဖြေမှ ရမှာ မဟုတ်ဘူးလို့ တုန့်ပြန်လာခဲ့ပါတယ်။

အာနယ် ဆလော့ကတော့ “ ကျနော်တို့မှာ သတင်းထူးရှိနေရင်တောင် အခုချိန်ဟာ ကျနော် ခင်ဗျားတို့ကို ပြောပြရမယ့် အခိုက်အတန့် မဟုတ်သေးပါဘူး။ အသင်းသား တစ်ယောက် သက်တမ်းတိုးခဲ့ပြီ ဆိုတာ ခင်ဗျားတို့ကို ကြေညာပေးမယ့်သူက ကျနော် ဖြစ်လာခဲ့ရင် အံ့ဩစရာဖြစ်လာပါလိမ့်မယ်။

ခင်ဗျားတို့ ဆက်ပြီး မေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ခင်ဗျားတို့ အလုပ်ပဲလေ။ ဒါပေမယ့် ကျနော်ထံကတော့ ခင်ဗျားတို့ ဘာအဖြေမှ ရမှာ မဟုတ်ပါဘူး။

ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကိစ္စတွေက အများကြီး ပြောင်းလဲသွားနိုင်တာ ရှင်းပါတယ်။ ဒါပေမယ့် ကလပ်က သူတို့နဲ့ ဆက်တိုက် စကားပြောနေပါတယ်။ ဘာဖြစ်လာမလဲ ကြည့်ရအောင်ပါ။

သူတို့တွေ ဆက်ပြီး အကောင်းဆုံး စွမ်းဆောင်နေသမျှ မန်နေဂျာ ဒါမှမဟုတ် နည်းပြချုပ်တစ်ယောက်ရဲ့ ပြောစရာစကားက သူတို့နဲ့ လက်တွဲလုပ်နေရတာကို ပျော်ရွှင်တယ် ဆိုတာပဲ ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။