လီဗာပူး ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်လာမယ့် ဗီလာပွဲအတွက် ဘော်ဘီရဲ့ ရင်တွင်းစကား

ဒီကနေ့မှာ လီဗာပူးရဲ့ ဂန္တဝင်အဖြစ် နှုတ်ဆက်ပွဲတစ်ပွဲ ရရှိသွားမယ့် ဖာမင်နိုက အသင်းနဲ့အတူ အောင်မြင်ခဲ့တာတွေကို ချန်ခဲ့ပြီး ထွက်သွားရမှာကို အတော်လေး ခံစားနေရပါတယ်။

ကလော့ပ် လက်ထက် လီဗာပူးခေတ်တစ်ခုကို ဦးဆောင်ခဲ့တဲ့ ဖာမင်နိုဟာ ဘောလုံးကမ္ဘာမှာလည်း လူချစ်များတဲ့သူပါ။ False Nine တို့ရဲ့ စံပြ ကစားသမားအဖြစ် ထင်ရှားတဲ့ ဖာမင်နိုဟာ လီဗာပူးရဲ့ ဖိအားပေး ကစားဟန်မှာ အဓိက အသက်သွေးကြော ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ပွဲကြိုမှာ သူ့ရဲ့ နောက်ဆုံး လီဗာပူးပွဲစဉ်နဲ့ ပတ်သက်လို့ ဘော်ဘီက ” ပွဲကိုပဲ အာရုံစိုက်ဖို့ ကြိုးစားမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲက ကျနော်တို့အတွက် အရေးကြီးပါတယ်။ ပွဲပြီးရင်တော့ ကျနော် ငိုကြွေးမိမှာ ရာနှုန်းပြည့် သေချာပါတယ် ” လို့ မှတ်ချက်ပေးလာပါတယ်။

ဘော်ဘီကပဲ ” ကံမကောင်းစွာဘဲ အချိန်ကျလာပါပြီ။ လီဗာပူးကစားသမားဘဝက အဆုံးသတ်ရပါတော့မယ်။ အခုက အသင်းကနေ ထွက်သွားချိန် တန်ပြီဆိုတာကို ကျနော် နားလည်ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ကျနော် အောင်မြင်ခဲ့တာ၊ ကျနော်တို့ အတူတကွ အောင်မြင်ခဲ့တာနဲ့ ကျနော်တို့ အတူတကွ ရေးထိုးခဲ့ကြတဲ့ လှပတဲ့ သမိုင်းကြောင်းတွေ အရာအားလုံးအတွက် ကျနော် သိပ်ဂုဏ်ယူပါတယ်။ တကယ်ကို မယုံနိုင်စရာ ဇာတ်လမ်း ဖြစ်ခဲ့ပါတ်။

ကျနော်တို့က ခမ်းနားတဲ့ ဂန္တဝင် အမှတ်တရတွေနဲ့အတူ လီဗာပူးကနေ ထွက်ခွာသွားမှာပါ။ တစ်ရက်မှာတော့ ကျနော် လီဗာပူးကို ပြန်ရောက်ရင် ရောက်လာမှာပေါ့။ ကျနော်လည်း မသိပါဘူး။

အခုက ထွက်သွားရမယ် ဆိုပေမယ့် အနာဂတ်မှာ နည်းပြတစ်ယောက်အဖြစ် ဒီကို ပြန်ရောက်လာနိုင်တာလဲ ဖြစ်နိုင်တာပါပဲ။ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိသေးပေမယ့်လို့ ဘောလုံးကစားဖို့လည်း ပြန်ရောက်လာနိုင်တာပါပဲ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဖာမင်နိုဟာ ကလော့ပ် လက်ထက်မှာ ပွဲထွက်ခွင့် အများဆုံး ရခဲ့သူဖြစ်ပြီး ပွဲပေါင်း ၃၆၀ မှာ ဂိုးပေါင်း ၁၀၉ ဂိုး သွင်းယူခဲ့တာပါ။ သူဟာ လီဗာပူးအသင်းမှာတော့ ကလပ် ကမ္ဘာ့ဖလား အပါအဝင် ဆုဖလား အားလုံးကို အောင်မြင်ခဲ့သူပဲ ဖြစ်ပါတယ်။