မင်းတို့ပြောတော့ လွယ်ကူတဲ့ ဘောလုံးပွဲဆိုတာ မရှိဘူးဆို ဝက်စ်ဟမ်းကြည့်ရတာ သနားတောင် သနားတယ်ဆိုတဲ့ ပွဲပြီး မှတ်ချက်

ဝက်စ်ဟမ်းအသင်းကို ဂိုးပြတ် အနိုင်ယူပြီး လီဗာပူးတို့ အမှတ်ပေးဇယားကို ရမှတ်ကြီး ဖြတ်သွားတဲ့နောက် ဗြိတိန်သတင်းမီဒီယာတွေမှာ ချီးကျူးသံတွေ ပြည့်နေပြီပဲ ဖြစ်ပါတယ်။

ဒီယက်ဇ်၊ ဂက်ပို၊ ဆာလာ တိုက်စစ်အတွဲဟာ ဝက်စ်ဟမ်းအသင်းကို ဒုက္ခကြီးတွေပေးခဲ့သလို ထရန့်ရဲ့ ဘောလုံးပေးချက်တွေအောက်မှာလည်း ဝက်စ်ဟမ်းအသင်း ပြဿနာတွေ တတ်နေခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အလွယ်ကူဆုံး ပွဲတစ်ပွဲလို့ ညွှန်းဆိုကြတဲ့ထိ ပွဲက သက်သောင့်သက်သာ ရှိခဲ့ကာ လီဗာပူးတို့ clean sheet လိုချင်လွန်းလို့ မဟုတ်ခဲ့ရင် ဂိုးပိုတောင် ပြတ်သွားနိုင်လောက်ပါတယ်။

ဘီဘီစီ အားကစားအယ်ဒီတာချုပ် Phil McNulty က ဆိုရင် ” ဘောလုံးမှာ လွယ်ကူတဲ့ပွဲ မရှိဘူးလို့ ဘယ်သူက ပြောခဲ့တာလဲ?

ကျနော် မျက်လုံးကြီးနဲ့ကို တပ်အပ်မြင်နေရတာ။ လီဗာပူးက သူတို့ရဲ့ ဘောလုံးရာသီတွေအတွင်း အလွယ်ကူဆုံး နိုင်ပွဲတွေထဲက တစ်ပွဲကို ကစားပြီး ဝက်စ်ဟမ်းကို အနိုင်ယူသွားခဲ့တာ။ ဝက်စ်ဟမ်းတို့ ပိုတောင် ဂိုးပေးရနိုင်မယ့် အနေအထားမျိုး ရှိခဲ့သေးတာ။

ဝက်စ်ဟမ်းကြည့်ရတာ သနားတောင် သနားတယ်၊ တောက်လျှောက် ဗျင်းခံနေရပြီး အနွှာခံရဖို့ကို ထိုင်စောင့်နေကြသလိုပဲ။ သူတို့ ကြီးကြီးမားမား အရှုံးရလဒ်ကို ရင်ဆိုင်သွားရတာပါ။ ” လို့ ရေးသားသွားခဲ့ပါတယ်။

ဒီပွဲအပြီး လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက နော်တင်ဟမ် ဖောရက်စ်ကို ၈ မှတ် ဖြတ်လိုက်နိုင်ပြီဖြစ်ပါတယ်။