ချန်ပီယံလာဘ်လို့ ပြောရလေမလား၊ ကမ္ဘာ့အဆင့် မိုဆာလာ၊ ဂိုးသွင်းနိုင်သူ များလာခြင်း၊ အမြင့်ဆုံး စွမ်းဆောင်ရည်ပြသနေတဲ့ ထရန့်၊ ဗန်ဒိုက်တို့နဲ့ ဝက်စ်ဟမ်းပွဲအပြီး စကားစမြည်းပြောစရာများ

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၅-၀ ရလဒ်ဖြင့် အနိုင်ရတဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာက နော်တင်ဟမ် ဖောရက်စ်ကို ၈ မှတ်ဖြတ်ထားလိုက်ပါပြီ။ ဒီပွဲအပြီး စကားစမြည်း ပြောစရာအချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ ဆွေးနွေးကြည့်မှာပါ။

ချန်ပီယံလာဘ်လား

ဝက်စ်ဟမ်းပွဲမှာ လီဗာပူးအသင်းက ကံလည်းကောင်းခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီယက်ဇ်ရဲ့ လူပေးမှုမှာ ပြိုင်ဘက်နဲ့ထိပြီး ဘောလုံးက ဧရိယာအတွင်း အကောင်းဆုံး အနေအထားမှာ လာပြန်ကျခဲ့တာပါ။ ထရန့် ဂိုးဆိုရင်လည်း လမ်းကြောင်းပြောင်းခဲ့တာဖြစ်တယ်။

ဝက်စ်ဟမ်းတို့ ပွဲကို အပြောင်းအလဲဖြစ်စေမယ့် အခိုက်အတန့်တွေမှာ ဂိုးသွင်းခွင့် ရချိန်မှာတော့ တိုင်ထိလိုက် ဘားတန်းထိလိုက်ဖြစ်နေခဲ့ပါတယ်။ ဘောလုံးမှာ ဒီစကား အမြဲကြားရဖူးပါတယ်။ အသင်းက ကောင်းနေဖို့လိုသလို ကံကလည်း ကိုယ့်ဘက်ပါဖို့လိုပါတယ်။

စွမ်းဆောင်ရည် တူညီတဲ့ လူစာရင်း

လူတွေ သိပ်သတိမထားမိကြပေမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာတစ်ခုလုံး လီဗာပူးလူစာရင်းက မတည်ငြိမ်နိုင်ခဲ့ပါဘူး။ ဒဏ်ရာရ ကစားသမားတွေ၊ ပွဲပယ်ခံရသူတွေ ဆက်တိုက် ရှိလာနေတာပါ။ ဒါပေမယ့် ပွဲထွက်လူစာရင်းထဲ ပါဝင်လာတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေက သိပ်မကွာခဲ့ပါဘူး။

မာကာ မပါတာ၊ ဆိုဘို မပါတာ၊ ထရန့် မပါတာ၊ ကိုနတေး မပါတာ၊ အယ်လီဆန် မပါတာ စတဲ့ အဓိက ကစားသမားပါ ဆိုသူတွေ မပါဝင်တဲ့ ပွဲပေါင်းများစွာမှာ အာနယ် ဆလော့ရဲ့ အသင်းဟာ တူညီတဲ့ စွမ်းဆောင်ရည်ကို ထိန်းပြထားနိုင်ပါတယ်။

ဒီအချက်ဟာ ကာလရှည် ယှဉ်ပြိုင်ရတဲ့ ဘောလုံးရာသီတစ်ခုမှာ အရမ်းကို အရေးကြီးလှပြီး လီဗာပူးလူစာရင်းဟာ အင်္ဂလန်ရဲ့ အတောင့်တင်းဆုံးထဲမှာ ထိပ်ဆုံးက ရှိနေတဲ့အသင်းလို့ မှတ်ချက်တွေရနေပါတယ်။

ကမ္ဘာ့အဆင့် မိုဆာလာ

အသက် ၃၂ နှစ်အရွယ် မိုဆာလာဟာ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပြသနေပါတယ်။ လီဗာပူးနိုင်ပွဲတွေမှာ သူ့ရဲ့ ပါဝင်မှုက သိပ်ကြီးမားသလို ဝက်စ်စမ်းခံစစ်ကို ဖြိုခွင်းပြလိုက်တာများ ကျနော်တို့အားလုံးကို ကမ္ဘာ့အကောင်းဆုံး ကစားသမား ဘယ်လိုကစားတယ် ဆိုတာအတွက် မျက်မြင်သက်သေတွေပါဖြစ်သွားစေပါတယ်။

ဒီဇင်ဘာမှာတင် မိုဆာလာရဲ့ ကိန်းဂဏန်းတွေ၊ သူချိုးဖျက်လာတဲ့ မှတ်တမ်းတွေက A4 ၁ ရွက်အပြည့်စာလောက် ရှိနေပါပြီ။ မကြာခင်မှာတော့ မိုဆာလာဟာ အာဆင်နယ်ဂန္တဝင် အွန်နရီ၊ ချယ်ဆီးဂန္တဝင် လမ်းပတ်တို့ရဲ့ စံချိန်တွေကို ချိုးတော့မှာ ဖြစ်ပါတယ်။

မို မဟုတ်တဲ့ ဂိုးသွင်းသူများ

လီဗာပူးအသင်းဟာ ပြဿနာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိုဆာလာ မဟုတ်ဘဲ ဘယ်သူက လီဗာပူးအတွက် သွင်းဂိုးတွေကို တာဝန်ယူပေးမလဲဆိုတာပါပဲ။ အခု ဒီမေးခွန်းအတွက် အဖြေတွေ စရနေပါပြီ။

ဂက်ပိုနဲ့ လူးဝစ်ဒီယက်ဇ်တို့ နှစ်ဦးပေါင်း သွင်းဂိုးက ၂၃ ဂိုးရှိလာနေပါပြီ။ ဒါဟာ မနှစ်က တစ်ရာသီလုံးမှာ သူတို့ သွင်းခဲ့တာထက် ၆ ဂိုးပဲ နည်းပါတော့တယ်။ အသင်းရဲ့ တိုက်စစ်ဟာ ဂိုးသွင်းနှုန်း တောက်လျှောက်တက်လာနေပြီဖြစ်ပါတယ်။ နောက်ထပ် လိုအပ်တာက ကွင်းလယ်က ဂိုးသွင်းနိုင်စွမ်းနဲ့ တည်ကန်ဘောကနေ ဂိုးယူနိုင်စွမ်းပဲ ဖြစ်ပါလိမ့်မယ်။

စာချုပ်ကိစ္စထက် ချန်ပီယံဖြစ်ရေး အာရုံစိုက်ကြခြင်း

အားလုံးသိကြတဲ့အတိုင်း မို၊ ဗန်ဒိုက်နဲ့ ထရန့်တို့ စာချုပ်သစ်တွေ မရကြသေးပါဘူး။ စာချုပ်ကိစ္စ ဘာဖြစ်လာမယ် မသိပေမယ့် သေချာတာကတော့ သူတို့ ၃ ဦးလုံးဟာ လက်ကျန် ဘောလုံးရာသီကို ဖလားအောင်မြင်ဖို့ ကြိုးစားကြမှာသေချာပါတယ်။

ဘောလုံးအသင်းတစ်သင်းအတွက် အရေးကြီးတာက စွမ်းဆောင်ရည်ကောင်းနဲ့ နိုင်နေဖို့ပါ။ သူတို့ ၃ ဦးဟာ အသင်းနိုင်ပွဲအတွက် စွမ်းဆောင်ရည် အမြင့်ဆုံးတွေ လုပ်ပြထားပါတယ်။ ဒါကပဲ အရေးကြီးပါတယ်။ အသင်းနိုင်ပွဲရအောင် သူတို့ အားထုတ်နေသမျှတော့ သူတို့နောက်မှာ ပရိသတ်တွေရှိပါလိမ့်မယ်။ ကျန်တာကတော့ ပရော်ဖက်ရှင်နယ်တွေ ဆုံးဖြတ်ကြပါလိမ့်မယ်။