

ဂျင်မီကာရေဂါကတော့ လီဗာပူးရဲ့ တည်ငြိမ်နေတဲ့ လမ်းကြောင်းမှာ လာရှုပ်နေတဲ့ ထရန့်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဝေဖန်မှု ပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ဇန်နဝါရီမှာတင် ခေါ်ယူနိုင်ရေး လီဗာပူးထံ ချဉ်းကပ်မှုလုပ်ခဲ့ကာ အသင်းဘက်က ပယ်ချခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာလတုန်းက ထရန့်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ရီးရဲလ်မက်ဒရစ် ကိုယ်စားလှယ်တွေကြား တွေ့ဆုံမှုနောက်ဆက်တွဲဖြစ်တယ်လို့ ယူဆရတယ်။
အန်ဖီးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ထရန့် ကွင်းထဲဝင်ခွင့် မရခဲ့ပေမယ့် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ အကိုဖြစ်သူနဲ့ ရီးရဲလ်တာဝန်ရှိသူတွေ တွေ့ဆုံမှုတစ်ခုလုပ်ခဲ့ကြောင်း သတင်းကြားသိရပါတယ်။
ဇန်နဝါရီမှာ ရီးရဲလ်ဘက်က ကမ်းလှမ်းမှုတွေ လုပ်နေတာဟာ နွေမှာ အလွတ်ဖြင့် ထွက်သွားပြီး ပရိသတ်မုန်းမှာထက် တန်ကြေးတစ်ရပ်နဲ့ ဇန်နဝါရီမှာ ဂုဏ်ရှိရှိ ထွက်ခွာလိုတာကြောင့်လို့ ကာရေဂါက ယူဆနေတာပါ။
ဆာလာရဲ့ စာချုပ်ကိစ္စတုန်းကလည်း အသင်းကို ဂယက်ထအောင် လုပ်နေတယ်လို့ ဝေဖန်ခဲ့တဲ့ ကာရေဂါက သူ့နဲ့တစ်နယ်တည်းသား ထရန့်ကိုလည်း အသင်းရဲ့ တည်ငြိမ်မှု ထိခိုက်စေမယ့် ကိစ္စတွေကို လာမလုပ်ဖို့ ပြောလာပြန်ပါတယ်။
” ၂၀၂၅ မှာ လီဗာပူးအတွက် အရေးအကြီးဆုံး ကိစ္စက ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေးပဲ ဖြစ်ရမယ်။ ဘယ်ကစားသမားရဲ့ အနာဂတ်စာချုပ်ကိစ္စကမှ လီဗာပူးရဲ့ လမ်းကြောင်းပေါ်မှာ လာမရှုပ်နေသင့်ဘူး။
ထရန့်ကို ကစားသမားအနေနဲ့ ကျနော် ချစ်ပါတယ်။ ဒါပေမယ့် သူ့ကိုယ်စားလှယ်အဖွဲ့က ရီးရဲလ်မက်ဒရစ်ဘက်ကို ကမ်းလှမ်းမှုလုပ်ဖို့ ပြောခဲ့ရင် လီဗာပူးက ပယ်ချမှာပဲဆိုတာ သူတို့ သိနေမှာပဲ။ အဲ့လို ကမ်းလှမ်းခိုင်းတာကိုက နွေမှာ အလွတ်နဲ့ထွက်ရတာကို ကာဗာဖြစ်စေချင်တာကြောင့် ကြိုးစားခိုင်းတာပါပဲ။
ဒီလိုကိစ္စတွေဟာ ကြီးကျယ်တဲ့ပွဲတွေ ရောက်လာတော့မယ့် ကလပ်နဲ့ ပရိသတ်တွေအတွက် လိုအပ်နေတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ” လို့ ကာရေဂါက ဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စအတွက် အဓိကအကျဆုံးဖြစ်တဲ့ ရစ်ချက်ဟုချ်နဲ့ ထရန့်ရဲ့ ကိုယ်စားလှယ်တွေကတော့ ကောလဟာလတွေကြားမှာ ဆွေးနွေးမှု ဆက်ရှိနေတယ်လို့ပဲ သိထားရတာ ဖြစ်ပါတယ်။