ဒီနွေ လူသစ် ခေါ်ယူမှုတွေထဲမှာ ခံစစ်မှူးသစ်ပါ ပါဝင်လာနိုင်ကြောင်း ကလော့ပ် အရိပ်အမြွက်ပေးလာ

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်ကို အလုံးစုံ ပြန်လည် တည်ဆောက်မှု မဟုတ်ပေမယ့် အကြီးစား အင်အားဖြည့်မှုတွေ ပါဝင်လာပါလိမ့်မယ်။

သတင်းတွေအရ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မယ်လို့ သိထားရသလို အရန်ဂိုးသမား ခေါ်ယူမှု ရှိမယ်လို့လည်း အသံထွက်နေတာပါ။ မန်နေဂျာကလော့ပ်ကတော့ ဖာမင်နို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို နှုတ်ဆက်ခြင်းနဲ့အတူ စာမျက်နှာသစ်ကို ဖွင့်မယ့် သဘော ပြောလာပါတယ်။

ဒီနွေမှာ အယ်လစ္စတာ၊ မေဆန်မောင့်၊ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မယ့် လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ရာထူးအတွက် ဂျာမာန်လိဂ်မှာ ဝါရင့် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဂျော့ရှမတ်ကီကို ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။

‘ ဂိုးသမား နေရာကလွဲလို့ ကျန်တဲ့ နေရာတိုင်းအတွက် ကျနော်တို့ စူးစမ်းနေပါတယ်။ ခံစစ်မှူးသစ် တစ်ဦးလောက် ရမယ်ဆိုရင် ကောင်းပါလိမ့်မယ်။ ဒါကို ကျ​နော် တားမှာ မဟုတ်ပါဘူး။ ကွင်းထဲက အခြေအနေတိုင်းအတွက် ကျနော်တို့ လေ့လာနေပါတယ် ” လို့ ကလော့ပ်က ပြောပါတယ်။

ကလယ်ဟာအတွက် ပေါင် သန်း ၂၀ ရရင် လက်လွတ်မယ်လို့ သတင်းကြီးခဲ့ပေမယ့် လီဗာပူးက အယ်လီဆန်ရဲ့ အရန် ဂိုးသမားကို ဆက်ထိန်းသွားမယ့် ပုံပါ။ ခံစစ်မှူး အဖြစ်တော့ ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်တို့ ၄ ဦးကို ဆက်ထိန်းထားပြီး နက်ဖီးလစ်နဲ့ ရွိုင်းဝီလီယမ်တို့ကို ရောင်းထုတ်မှာ ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ မာတစ်တို့ဟာ အသက် ၃၂ နှစ်အရွယ်တွေ ဖြစ်လာနေပြီမို့ အနာဂတ် အတွက် ရည်ရွယ်တဲ့ ခံစစ်ပိုင်း အားဖြည့်မှုတွေ ပြုလုပ်ရတော့မှာပါ။ လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် ပရီးမီးယားလိဂ်ကနေ စောင့်ကြည့်မှု လုပ်နေပေမယ့် ခံစစ်အတွက်တော့ ပေါ်တူဂီလိဂ်ဘက်က ကစားသမားတွေနဲ့ သတင်း အတော်လေး ထွက်ထားတာ ဖြစ်ပါတယ်။