အာနယ်ဆလော့ရဲ့ နည်းပြအဖွဲ့မှာ အရေးကြီး ရာထူးတစ်နေရာကို ကွက်လပ်ထားထားဆဲ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေတုန်းက အလုပ်ခေါ်စာအသစ်တွေကို ဖန်တီးထားခဲ့ပြီး အဲ့ထဲမှာတော့ နည်းပြချုပ်ကို ပံ့ပိုးပေးရမယ့် အရေးကြီးရာထူးတွေလည်း ပါဝင်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်၊ ပပ်လင်ဒါးတို့ ထွက်ခွာသွားတဲ့နောက်မှာ သူတို့နေရာ အစားထိုးဖို့ ဖီယင်နုကနေ အာနယ် ဆလော့တို့အဖွဲ့ကို လီဗာပူးတာဝန်ရှိသူတွေ ခေါ်ဆောင်ခဲ့ပေမယ့် နည်းပြအဖွဲ့တစ်ခုလုံးကို အာနယ် ဆလော့ တစ်ဦးတည်း စိတ်တိုင်းကျ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး။

လက်ထောက်နည်းပြ၊ first-team development နည်းပြ နဲ့ set-piece နည်းပြ ၃ နေရာအတွက် အလုပ်ခေါ်စာ ဖွင့်ထားပေးခဲ့တာဖြစ်ပါတယ်။

အဲ့နောက်မှာမှ လက်ထောက်နည်းပြတစ်ဦး ဖြစ်လာတဲ့ ဟိုင်တင်ဂါ အပြင် နောက်ထပ် နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Aaron Briggs တို့ကို အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က နည်းပြဆလော့နဲ့ တိုင်ပင်ပြီး နည်းပြအဖွဲ့ထဲ ပေါင်းထည့်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ တည်ကန်ဘောနည်းပြအဖြစ် ရည်ရွယ်ထားသူ Etienne Reijnen (ဖီယင်နုမှာ ဆလော့နဲ့လက်တွဲခဲ့သူ) က အလုပ်ပါမစ်ကြောင့် အင်္ဂလန်ကို ပြောင်းလာခွင့်မရခဲ့ဘဲ အခုချိန်ထိ ဖီယင်နုအသင်း နည်းပြရဲ့ နည်းစနစ်အကြံပေးသူ စိစစ်သူတာဝန်ကို ရယူထားပါတယ်။

နောက်ပိုင်းမှာ တည်ကန်ဘောနည်းပြ အလုပ်စာ ခေါ်ယူမှု ပိတ်သွားပြီး အဲ့နေရာမှာ Aaron Briggs ကို တာဝန်ပေးတယ်လို့ အသံထွက်ထားပါတယ်။

ဒီရာသီအတွက် Briggs ကို တည်ကန်ဘောပိုင်း တာဝန်တွေကို ဦးဆောင်ခွင့် ပေးထားပေမယ့် အနာဂတ်မှာ Reijnen ကို တည်ကန်ဘောနည်းပြ ရာထူးအတွက် လီဗာပူးအသင်းဘက်က ကမ်းလှမ်းမှု ပြန်လုပ်သွားနိုင်ချေ ရှိနေပါတယ်။

အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးအသင်းဟာ နေရာစုံကနေ တိုးတက်လာပေမယ့် တည်ကန်ဘောကတော့ တိုးတက်ဖို့ အများကြီးလိုအပ်နေတဲ့ အပိုင်းအဖြစ် ထောက်ပြခြင်းတွေ ခံထားရပါတယ်။