

လီဗာပူးနည်းပြ အာနယ် ဆလော့က ဒီကနေ့ည ယှဉ်ပြိုင်ရမယ့် အင်္ဂလန်ဒါဘီပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အထင်မသေးဘူးလို့ ထုတ်ပြောလာပါတယ်။
နည်းပြသစ် အမ်မိုရင်းလက်ထက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၂ ပွဲပဲ အနိုင်ရသေးတဲ့ ယူနိုက်တက်ကို အတော်များများက လျော့တွက်နေကြတာပါ။ အာနယ် ဆလော့ကတော့ ယူနိုက်တက်ဟာ အဆင့် ၁၄ ဆိုတဲ့ လက်ရှိရောက်နေတဲ့ အဆင့်နဲ့ နှိုင်းယှဉ်ခံရမယ့် အသင်း မဟုတ်ကြောင်းလည်း ပြောပါတယ်။
အာနယ် ဆလော့ကပဲ “ ယူနိုက်တက်တို့ ရောက်နေတဲ့အဆင့်ထက်စာရင် သူတို့မှာ ပိုကောင်းတဲ့ကစားသမားတွေ ရှိနေပါတယ်။ ဒီကစားသမားတွေထံက အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်ဖို့ အမ်မိုရင်းမှာ အချိန်တစ်ခုလိုနေတာမျိုးလားတော့ ကျနော် မသိပါဘူး။
သေချာပြောနိုင်တာက ယူနိုက်တက်က အပေါ်ကို တက်လာမှာပါ။ အခုမြင်နေရတဲ့ နေရာမှာထက် ပိုကောင်းလာမယ့်အသင်း ဖြစ်ပါတယ်။
မန်နေဂျာတိုင်းက အခြားသော မန်နေဂျာတိုင်းကို ကိုယ်ချင်းစာကြပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်တွေရဲ့ နည်းပြတာဝန်ဟာ ဘယ်လောက်တောင် ဖိအားကြီးလဲဆိုတာ အချင်းချင်း သိကြလို့ပါပဲ။ ကျနော်မှာကော အမ်မိုရင်းမှာပါ ဒီဖိအားတွေရှိနေပါတယ်။
အမ်မိုရင်းဟာ စပို့တင်းမှာ အရမ်းကောင်းကောင်း လုပ်ပြထားသူပါ။ သူ့မှာ လူစာရင်းကောင်းလည်း ပိုင်ဆိုင်ထားပါတယ်။ အဲ့ကစားသမားတွေထံကနေ အကောင်းဆုံး စွမ်းဆောင်ရည် ထုတ်နိုင်ဖို့ပဲ လိုနေတာပါ။
နယူးကာဆယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူတို့ ကစားခဲ့တဲ့ ဒုတိယပိုင်း ခြေစွမ်းဆိုရင် အတော်လေး ကောင်းတာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီညပွဲကို အနိုင်ရမယ်ဆိုရင် ဒုတိယနေရာက အာဆင်နယ်ကို ၈ မှတ်ထိ ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။