ထရန့် ဝေဖန်ချက်ကို လက်မခံခြင်း၊ ယူနိုက်တက် ကစားသမားအား အာနယ် ဆလော့ ချီးကျူးခြင်း၊ ပွဲပလန်အတိုင်း မကစားနိုင်ခဲ့ဘူးဆိုတဲ့ ဗန်ဒိုက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့အပြီး ဒုတိယနေရာက အာဆင်နယ်ကို အမှတ်ပေးဇယားမှာ ၆ မှတ်ဖြတ်ထားပါတယ်။

လီဗာပူးပရိသတ်တွေက မိုဆာလာနဲ့ အပေါင်းအပါကို သူတို့လိုချင်တဲ့ စာချုပ်သစ် ပေးလိုက်ဖို့ ယူနိုက်တက်ပွဲအတွင်း FSG ကို တောင်းဆိုမှုတစ်ခု ပြုလုပ်သွားပါတယ်။

ယူနိုက်တက်ကို ခြေပဂိုး ပေးခဲ့ရတဲ့ အနေအထားမှာ ထရန့်ရဲ့ ကြိုးစားလိုစိတ် မရှိဘဲ လမ်းလျှောက်နေမှုကို ထောက်ပြမှုတွေ များနေပါတယ်။

ကောလဟာလတွေကြောင့် ထရန့်ရဲ့ စွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတဲ့ သတင်းထောက်တွေရဲ့ သုံးသပ်ချက်ကို နည်းပြဆလော့က လက်မခံဘဲ ဘရူနိုနဲ့ ဒါလော့ကို ထိန်းဖို့က ခက်ခဲနေခဲ့တာလို့ တုန့်ပြန်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းကို အရမ်း ဒုက္ခပေးနိုင်စွမ်းရှိခဲ့ကြောင်း အာနယ် ဆလော့က ဝန်ခံခဲ့ပါတယ်။

ရော်ဘတ်ဆန် (၃၀ နှစ်)၊ ဗန်ဒိုက် (၃၃ နှစ်)၊ အယ်လီဆန် (၃၂ နှစ်) တို့လို ၃၀ အထက် ကစားသမား အများစုနဲ့ လီဗာပူးခံစစ်ကို ရေရှည်သွားလို့ မရနိုင်ကြောင်း၊ ပွဲဆက်များလာချိန်မှာ စွမ်းဆောင်ရည် ကျဆင်းလာကြောင်း ထောက်ပြလာနေပါတယ်။

အသင်းလိုက် အနေနဲ့ကြည့်မယ်ဆိုရင် တိုက်စစ်မှာ မိုဆာလာကလည်း ဒီနွေကျရင် အသက် ၃၃ နှစ်ပြည့်မှာဖြစ်လို့ လီဗာပူးအသင်းရဲ့ ပွဲထွက်လူစာရင်း ၃၀ အထက် ၄ ဦးထိ ရှိနေတာဖြစ်ပါတယ်။

အသင်းဟာ ကိုယ်ကစားနိုင်ရမယ့် အကောင်းဆုံး စွမ်းဆောင်ရည်အတိုင်း မကစားနိုင်ခဲ့ဘူးလို့ မာကာက ဝန်ခံပါတယ်။

အသင်းရဲ့ ပလန်က ဘောလုံးကို တတ်နိုင်သလောက် ပေးချက် ၃ ချက်၊ ၄ ချက်ထက် ပိုကြာကြာ ထိန်းထားနိုင်ဖို့ဖြစ်ပေမယ့် ဘောလုံးဆုံးရှုံးမှု များလွန်းခဲ့တယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောပါတယ်။

ယူနိုက်တက် ကစားသမား ဂယ်ရီနဗီးက သူတို့အသင်း ကံနည်းနည်းကောင်းခဲ့ရင် ပွဲကို နိုင်သွားနိုင်တယ်လို့ ဆိုပါတယ်။

အဝါကတ်ထိခဲ့တဲ့ ဒါဝင် နူးညက်စ်ဟာ ဖောရက်စ်ပွဲကို လွဲပါမယ်။ သူ့အတွက် ပေါင် သန်း ၅၀-၆၀ ဝန်းကျင်ရရင် လီဗာပူးဘက်က အသင်းပြောင်းခွင့်ပေးမယ်လို့ အပြောင်းအရွှေ့ သတင်းတွေက ဖော်ပြပါတယ်။

မော်တန်နဲ့ ဂျေဒန် ဒန့်စ်ကို အင်္ဂလန် ချန်ပီယံရှစ်ကလပ်တွေဘက်က အငှားဖြင့် ခေါ်ယူလိုနေပါတယ်။