

အိမ်ကွင်းမှာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေကို မြင်ရတဲ့နောက် ပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့ ဆွေးနွေးကြည့်မှာဖြစ်ပါတယ်။
လီဗာပူးကို လှုပ်နိုးလိုက်ခြင်း
လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ မတွေ့ခင်မှာဆိုရင် ဒီရာသီရဲ့ အကောင်းဆုံးအသင်း၊ ပရီးမီးယားလိဂ်ဖလားမှာ နာမည်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ အသင်း စတဲ့ ပျားရည်လိုချိုတဲ့ ချီးကျူးသံတွေ ဝေဝေဆာဆာ ရနေတဲ့အသင်းပါ။
နည်းပြနဲ့ ကစားသမားတွေဘက်က သူတို့ဟာ ပြင်ပက အသံတွေကို အာရုံမစိုက်ဘဲ ပွဲစဉ်တိုင်းကို ကြိုးစားမှာပါလို့ ဘယ်လောက်ပဲ ပြောပြော အကောင်းမြင်မှုတွေဖြင့်ပဲ ဆက်တိုက်သော ချီးကျူးမှုရနေခြင်းဟာ မိန်းမောသာယာစေခဲ့ပါတယ်။
ရမှတ် ၁ မှတ်ရဖို့ ရုန်းနေရတဲ့ ပြိုင်ဘက်ကြီးက ဒီရာသီ အကောင်းဆုံး ခြေစွမ်းမျိုး ပြန်ရပြီး ကိုယ့်အိမ်ကွင်းမှာ နိုင်လုဆဲဆဲ အခြေအနေမျိုး လာဖန်တီးသွားတာဟာ လီဗာပူးကို လက်ရှိ အချိန်ကာလထံ ပြန်လှုပ်နိုးစေခဲ့ပါပြီ။ အသင်းဟာ နောက်ထပ် ၁၉ ပွဲကို သတိရှိရှိ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အခွင့်အရေးတွေ ပေးနေရမှု
ဒါဘီပွဲအပြီး အဓိက ထောက်ပြနေကြတာက အခွင့်အရေးတွေ ပေးလာနေရခြင်းပါပဲ။ ရာသီစောပိုင်းမှာ ပေးဂိုးဆိုတာ ဂျိုနဲ့လားဖြစ်ခဲ့တဲ့ အသင်းတစ်သင်းက တစ်ပွဲကို ၂ ဂိုးလောက် ပေးလာရချိန်မှာတော့ ထောက်ပြမှုတွေက ပိုမို သိသာလာနေပါတယ်။
အသင်းခွင့်ပြုလိုက်ရတဲ့ ဒုတိယမြောက် ခြေပဂိုးမှာဆိုရင် ထရန့်က ကွင်းထဲ လမ်းလျှောက်နေသလို ရော်ဘတ်ဆန်နဲ့ အယ်လီဆန်တို့ရဲ့ ပေါင်ကြား လက်ကြားကနေ ဘောလုံးက လွတ်ထွက်ပြီး ဂိုးဝင်သွားခဲ့တာကလည်း အပြစ်တင်စရာတွေဖြစ်လာနေတယ်။
အသင်းဟာ ဘောလုံးကို ကြာကြာကိုင်နိုင်စွမ်း နည်းပါးခဲ့တယ်။ လီဗာပူးခံစစ်ဟာဆိုရင်လည်း သူတို့ရှေ့က ဂရာဗင်ဘက်ချ်ကစလို့ အစွန်လူတွေနဲ့ ဗဟိုခံစစ်မှူးအလယ် ဂိုးသမားအဆုံး အာရုံစူးစိုက်မှုတွေ ထားရှိဖို့ လိုအပ်နေတယ်၊ ဘောလုံးပေးချိန်တွေမှာလည်း အမှားတွေ ပိုနည်းလာဖို့ လိုအပ်နေပါတယ်။
ဂရာဗင်ဘက်ချ်ထံက စကေးအချို့နဲ့ အကောင်းမြင်စရာတွေ မြင်ခဲ့ပေမယ့် ဖာနန်ဒက်စ တစ်ယောက် စိတ်ကြိုက်ကစားနေခြင်းကို ခွင့်ပြုပေးခဲ့ပါတယ်။ ဂရာဗင်ဘက်ချ် ဘယ်လောက် ကစားနိုင်လဲ ဒီရာသီ တစ်ခုလုံး မြင်ခဲ့ရပြီးပါပြီ။ အားလုံးက သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် အတွင်းလူအဆင့်မျိုးမှာ မြင်ထားကြတာပါ။ သူ ပိုတိုးတက်လာဖို့ လိုပါတယ်။
ကောင်းမွန်တဲ့ သီတင်းပတ်
အိမ်ကွင်းမှာ ယူနိုက်တက်ကို နိုင်လိုက်မယ်ဆိုရင် ဆိုတဲ့ အချက်က ပရိသတ်တွေကို တအုံအုံတနွေးနွေး စိတ်ဆိုး ဒေါသထွက်စေပါလိမ့်မယ်။ ရမှတ် ၈ မှတ်ထိ ဖြတ်ထားနိုင်မယ့် အခွင့်အရေး ဆုံးရှုံးလိုက်ခြင်းကို ပျော်နေတဲ့သူ တစ်ဦးမှာတော့ မရှိပါဘူး။
ယူနိုက်တက်နဲ့ပွဲကို လွယ်ကူမယ် ထင်နေရင် မှားမယ်လို့ ပွဲမတိုင်ခင်မှာ ကျနော်တို့ ထောက်ပြခဲ့ဖူးပါတယ်။ ပွဲရလဒ်ထွက်အပြီးမှာတော့ ဒီပွဲ သရေကျလို့ စိတ်ပျက်စရာအဖြစ် တွေးနေမယ်ဆိုရင် အဲ့လို မဟုတ်ကြောင်း သတိချပ်စေလိုပါတယ်။ ဒီအပတ်ဟာ လီဗာပူးအတွက် ကောင်းမွန်တဲ့ သီတင်းပတ် ဖြစ်နေဆဲပါ။
အာဆင်နယ်နဲ့ ချယ်ဆီးတို့ ခြေချော်ခဲ့ပြီး မန်စီးတီးကလည်း အဝေးကြီးမှာ ကျန်နေပါသေးတယ်။ ယူနိုက်တက်ပွဲရလဒ်က ပန်းမဝင်ခင် အတုအယောင် မျှော်လင့်ချက်တွေမှာ သာယာနေတဲ့ လီဗာပူး အသိုင်းအဝိုင်းကို လှုပ်နိုးစေခဲ့တယ်ဆိုရင် ဒီရလဒ်ဟာ အဖိုးတန်ပါတယ်။
Passion ပျောက်နေတဲ့ ထရန့်
ယူနိုက်တက်ဟာ လီဗာပူးရဲ့ ညာခြမ်းကို သိသိသာသာ အားစိုက် ထိုးဖောက်ခဲ့ပြီး ထရန့်နဲ့ ကိုနတေးတို့ဟာ ဒါကို ကိုင်တွယ်ဖို့ ဟန်ချက်မညီခဲ့ပါဘူး။ ညာခြမ်းဟာ နေရာယူမှားမှုတွေ မကြာခဏဖြစ်နေပြီး ဂရာဗင်ဘက်ချ်ရဲ့ အနည်းငယ် ပျင်းနေမှုကလည်း ခံစစ်ကို ဝန်ပိစေပါတယ်။
အခုလို ယူနိုက်တက်ပွဲမှာ ပြသခဲ့တဲ့ ထုံပေပေ ခြေစွမ်းနဲ့ ရီးရဲလ်ကောလဟာလတွေက ထရန့်အပေါ် ပိုပြီး ဝေဖန်စရာတွေ ဖြစ်လာနိုင်ပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် သူ့နေရာ လူစားဝင်လာတဲ့ ဘရတ်ဒလေရဲ့ ကစားလိုစိတ်မျိုး ထရန့်မှာရှိခဲ့ရင် ဒီလို စိတ်ပူစရာ ခြေစွမ်းမျိုး မြင်ရမှာ မဟုတ်ပါဘူး။
ဒီပွဲမှာ ထရန့်ဟာ သူ့ရဲ့ ပြင်းပြမှုတွေ ပျောက်ဆုံးနေပါတယ်။ ဒီရာသီမှာ ထရန့်ဟာ ခံစစ်ပိုင်း အတော်လေး တိုးတက်လာနေပြီး လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း ခြေစွမ်းပြထားပါတယ်။ သူ့ထံက တူညီတဲ့ ခြေစွမ်းကောင်းမျိုး လိုအပ်နေဆဲပါ။
အာနယ် ဆလော့ ကိုင်တွယ်ရမယ့် ဖလားစုံ အန္တရာယ်
လီဗာပူးပရိသတ်တွေကို ဖလား ၄ လုံး ပြိုင်ဆိုင်မှုကို သဘောကျလား? သဘောမကျဘူးလား? မေးခွန်းထုတ်ကြည့်မယ်ဆိုရင် အများစုက ကာရာဘောင်းနဲ့ အက်ဖ်အေတို့ကို မပြိုင်ချင်ဘူးလို့ ပြောကြပါလိမ့်မယ်။
ကလော့ပ် လက်ထက်မှာ မကြာခဏ မြင်ခဲ့ရတဲ့ ပြည်တွင်းဖလားတွေကြောင့် စွမ်းဆောင်ရည် ကျဆင်းမှုမျိုး အာနယ် ဆလော့ လက်ထက်မှာလည်း ဖြစ်လာနိုင်ဆဲပါ။ လီဗာပူးဟာ ကာရာဘောင်းမှာ ဆီမီးဖိုင်နယ် ရောက်နေသလို အက်ဖ်အေဖလားမှာလည်း ဆက်ရှိနေပါတယ်။
အဓိက ကစားသမားတွေကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေအတွက် အသားပေးပြီး ဖလားပွဲတွေကို အရန်လူတွေ၊ လူငယ်တွေဖြင့် ယှဉ်ပြိုင်သွားတာမျိုး မြင်ရမယ်ဆိုရင် အတော်လေး ပျော်ရွှင်မိပါလိမ့်မယ်။