

ဒီတလောမှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်က ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းကို ဝယ်ယူလိုကြောင်း ကောလဟာလသတင်း ဖော်ပြခံရမှုတွေ ရှိနေပါတယ်။
နည်းပညာသူဌေးကြီးဖြစ်တဲ့ အီလွန်မက်ဟာ လီဗာပူးနဲ့ ရေစက်ရှိသူတစ်ဦးဖြစ်ပြီး ဗြိတိန်ကလပ်ကို ဝယ်ယူဖို့ရာ ပေါင် ၆ ဘီလျံသုံးဖို့ အဆင်သင့်ရှိကြောင်း သတင်းတွေကို ဗြိတိန်နဲ့ ယူအက်စ် သတင်းဌာနအချို့က စတင်ဖော်ပြခဲ့တာပါ။
ဗြိတိန်သတင်းဌာနတွေဘက်က အီလွန်မက်ရဲ့ အဖေဖြစ်သူ Errol Musk နဲ့ ဆက်သွယ်နိုင်ခဲ့တာကြောင့် သူ့ရဲ့ သားဖြစ်သူက လီဗာပူးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းထွက်နေမှုကို မေးမြန်းမှု ပြုလုပ်ခဲ့တယ်။
ဒါနဲ့ပတ်သက်ပြီး Errol Musk ကတော့ ” ကျနော်သားက စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဒါက သူ လီဗာပူးအသင်းကို ဝယ်မယ်လို့ ကျနော် ပြောနေတာ မဟုတ်ပါဘူး။
ဘယ်သူ့ကို မေးမေး ဝယ်ချင်လားဆိုရင်တော့ ဝယ်ချင်တယ်ပဲ ပြောမှာပဲ။ သူလည်း ပြောမှာဖြစ်သလို ကျနော်လည်း ပြောမှာပဲ။ ခင်ဗျားတို့ သိတဲ့အတိုင်း ကျနော်တို့က လီဗာပူးကို သံဃောဇဉ်ရှိပါတယ် ” လို့ ဆိုခဲ့ပါတယ်။
အီလွန်မက်က သူ့ရဲ့ အဖွားကို အတော်လေးချစ်ဟန်ရှိပြီး အင်တာဗျူးတွေမှာဆိုရင် သူမအကြောင်း မကြာခဏ ထည့်ပြောလေ့ရှိပါတယ်။ အဖွားဖြစ်သူ Cora ဟာ လီဗာပူးမြို့မှာ ဖွားမြင် ကြီးပြင်းခဲ့တဲ့ ဗြိတိန်သူတစ်ယောက်ဖြစ်ပါတယ်။
Errol Musk ကပဲ “ ကျနော်သားက လီဗာပူးကို ဝယ်ဖို့ နှစ်သက်ပါလိမ့်မယ်။ သူ့ရဲ့ အဖွားကလည်း အဲ့မှာ ရှိခဲ့တာလေ။ မိသားစုတွေလည်း အဲ့မှာရှိခဲ့တယ်။ ကျနော်တို့ မိသားစုတွေက The Beatles နဲ့အတူ ကြီးပြင်းလာကြတာပါ ” လို့ ထပ်လောင်း ပြောဆိုသွားတာဖြစ်ပါတယ်။
မကြာသေးခင်က FSG ဟာ လီဗာပူးအသင်းကို ရောင်းချလိုကြောင်းနဲ့ ရှယ်ယာသစ် ခေါ်လိုကြောင်း သတင်းထုတ်ပြန်ခဲ့သေးကာ ရင်းနှီးမြုပ်နှံသစ်ရသွားခဲ့ပါတယ်။ အဲ့တုန်းက အီလွန်မက်စ်တစ်ယောက် ဘာသံမှ မထွက်ခဲ့တာမို့ လီဗာပူးအသင်းကို ဝယ်ယူမယ်ဆိုတဲ့ သတင်းက လက်တွေ့ဖြစ်မြောက်လာဖွယ် မရှိဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။