လီဗာပူးပရိသတ်တွေ အလွမ်းကြီး လွမ်းနေကြတဲ့ အသင်းသား

လီဗာပူးအသင်း ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့နောက် အသင်းပရိသတ်တွေက သူတို့ အရမ်း လွမ်းနေရတဲ့ ကစားသမားကို ဖော်ထုတ်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သလို စပါးကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရာမှာ ပရိသတ် အားရလောက်တဲ့ ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး။

ဒီ ၂ ပွဲမှာ တူညီတာတစ်ခုကတော့ ကွင်းလယ်မှာ အဖျားကြောင့် ဆိုဘိုစလိုင် မပါနိုင်ခဲ့ဘဲ ကာတစ်ဂျုံးက ပွဲထွက်ကနေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ပထမရာသီဝက်မှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဂျုံးဟာ ဒီ ၂ ပွဲမှာတော့ သူ့ရဲ့ နှေးကွေး လေးလံခြင်းအတွက် ဝေဖန်ခံလာရပါတယ်။

နည်းပြအာနယ် ဆလော့ရဲ့ စနစ်မှာ ကွင်းလယ် နံပါတ် ၈ သမားဟာ တရစပ် ဖိအားပေးမှုက တစ်ဆင့် အသင်းရဲ့ စနစ်ကို တက်ကြွနေအောင် အမြဲတမ်း လှုပ်နိုးပေးနေရတဲ့ အင်ဂျင်တစ်လုံးဖြစ်ပေးနေရတာပါ။

ဆိုဘိုစလိုင်ဟာ ပွဲတိုင်းနီးပါးမှာ မကုန်ဆုံးနိုင်တဲ့ ကစားအားနဲ့အတူ စွမ်းဆောင်ရည် တည်ငြိမ်ပေမယ့် ကာတစ်ဂျုံးကတော့ ခြေစွမ်းကောင်းလိုက် ကျဆင်းလိုက်ဖြင့် စွမ်းဆောင်ရည် တည်ငြိမ်မှုကို မထိန်းထားနိုင်ကြောင်း ထောက်ပြလာနေကြပြီ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ..

” ကာတစ်ဂျုံးကြီးက ဆိုးရွားပါတယ်။ သူက တစ်ပွဲကောင်းတယ် ပြီးရင် ခြေစွမ်းကျသွားပြန်ရော။ တိုက်စစ်အတွက် ဘောလုံးကို ခပ်မြန်မြန် ပေးနိုင်ခြင်းလည်း မရှိဘူး။ ဆိုဘိုစလိုင် အမြန်ဆုံး ပြန်ပါနိုင်ဖို့ လိုနေပါပြီ။ ”

” ကာတစ်ဂျုံးနဲ့ ဆိုဘိုစလိုင်က နှိုင်းယှဉ်လို့မရဘူးကို ဖြစ်နေတယ်။ ဂျုံးကို ချစ်ပါတယ်။ ဒါပေမယ့် သူ ဒီလိုပဲ ခြေစွမ်းပြန်ကျနေမယ်ဆိုရင် ပွဲထွက်ကနေ ဖယ်ထုတ်ခံရမှာပါပဲ။ ”

” ဂျုံးက ငါ့ကို စိတ်ညစ်စေတယ်။ ဒီသီတင်းပတ် အနည်းငယ်အတွင်း သူက တော်တော်လေး ရုန်းကန်နေရတာပါ။ နောက်ဆုံးတော့ လီဗာပူးပရိသတ်တွေ ဆိုဘိုရဲ့ အရေးပါမှုကို သိကြပြီပေါ့။ အရမ်းဝမ်းသာမိတယ်။ သူ့ရဲ့ ကစားအား​တွေကို အသင်းက လွမ်းနေရတာ။ ” စသဖြင့် တုန့်ပြန်နေကြတာဖြစ်ပါတယ်။