BREAKING: နာပိုလီ တိုက်စစ်မှူး ကာဗာရာကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နာပိုလီအသင်း တိုက်စစ်သမား ကာဗာရာကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ကစားသမားဘက်က ဒီလထဲမှာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် တရားဝင် ကမ်းလှမ်းမှု စတင်သွားဖို့ ပြင်ဆင်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား ကာဗာရာဟာ ၂၀၂၂ နွေမှာ ရုရှားကလပ်ကနေ စီးရီးအေကလပ်ထံ ပြောင်းပြီးတဲ့နောက် ဥရောပရဲ့ ထိပ်တန်း တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့တာပါ။

ဂျော်ဂျီယာ လက်ရွေးစင်ဟာ နာပိုလီအသင်းနဲ့ ၂၀၂၇ ခုနှစ် နွေထိ စာချုပ်ရှိထားသူဖြစ်ကာ သူ့ကို ခေါ်ယူဖို့ လီဗာပူး တစ်သင်းတည်းက စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူး။ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ပြည်တွင်းပြိုင်ဘက် ချယ်ဆီးတို့ကလည်း ကာဗာရာကို သဘောကျနေပါတယ်။

ခီယေဆာကို နာပိုလီဘက်က စိတ်ဝင်စားရိပ် ပြသလာချိန်မှာပဲ လီဗာပူးဘက်က နေရာလွတ်တွေကို ဖန်တီးပေးနိုင်တဲ့ ကာဗာရာကို ခေါ်ယူလိုကြောင်း သိလာခဲ့ရတယ်။ နည်းပြအာနယ် ဆလော့ရဲ့ လူစာရင်းအတွက် ရေရှည် အသုံးပြုနိုင်မယ့် ကစားသမားမျိုးကို လီဗာပူးဘက်က ရှာဖွေနေဆဲဖြစ်တယ်။

နောက်ဆုံးကစားထားတဲ့ ကလပ်ပွဲ ၁၀၇ ပွဲမှာ ကိုယ်တိုင် သွင်းဂိုး ၃၀ သွင်းထားပြီး ဂိုးထောက်ပံ့မှု ၂၉ ကြိမ် လုပ်ထားနိုင်တဲ့ ကာဗာရာကို ရောင်းချဖို့ နာပိုလီဘက်ကတော့ အလျင်မလိုပါဘူး။ နာပိုလီဘက်က ကမ်းလှမ်းမှုတွေကို ပိတ်မထားဘဲ ကောင်းမွန်တဲ့ ပမာဏရမှ ရောင်းထုတ်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှာ ဘယ်ခြမ်းကစားသမား ၄ ဦးထိ ရှိနေပေမယ့် ကာဗာရာကို ခေါ်ယူခြင်းဟာ ဘယ်ခြမ်းနေရာမှာ အသုံးပြုလိုတာကြောင့်လို့ သိလာရတယ်။ ဒါဟာ အနာဂတ်မှာ ဒီယက်ဇ်ကို အထောင်နေရာမှာ သုံးဖို့ဖြစ်လာနိုင်သလို ဒါဝင်ကို ရောင်းထုတ်ဖို့ ကြံစည်နေတာမျိုးလည်း ဖြစ်လာနိုင်တယ်။

လီဗာပူး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီး တစ်ခုကတော့ မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စတွေ မပြီးပြတ်သေးခြင်းဖြစ်ပြီး သူတို့ရဲ့ အနာဂတ်ကပဲ ကလပ် ဘယ်နေရာတွေကို အဓိက အင်အားဖြည့်ရမယ်ဆိုတဲ့ အဖြေကိုလည်း ထွက်ပေါ်လာစေနိုင်ပါတယ်။