

လီဗာပူးအသင်းရဲ့ ကြယ်ပွင့် ကစားသမား ဟာဗေးကို ခေါ်ယူဖို့ ဥရောပကလပ် ၂ သင်းက စိတ်ဝင်စားမှု ပြသလာနေပါတယ်။
နည်းပြသစ် အာနယ် ဆလော့ လက်ထက် လီဗာပူးအသင်းဟာ ပုံစံကောင်းတွေနဲ့အတူ ဘောလုံးရာသီကောင်း တစ်ခုကို ကျော်ဖြတ်နေတာပါ။ စွမ်းဆောင်ရည်ကောင်းနေတဲ့ အသင်းလူစာရင်းထဲမှာ အခုချိန်ထိ ဟာဗေးကတော့ ကြီးကြီးမားမား ပါဝင်ခွင့်မရထားသေးပါဘူး။
ရာသီအစမှာတင် ခြေထောက်ဒဏ်ရာရခဲ့တဲ့ ဟာဗေးဟာ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲမှာပဲ လူစားဝင် ကစားသမားအဖြစ် ကစားခွင့်ရထားသလို ပြိုင်ပွဲစုံမှာ ၉ ပွဲပဲ ကစားခွင့်ရထားပါတယ်။
အာနယ် ဆလော့ လက်ထက် အကောင်းဆုံး နေရာကို ရှာမတွေ့သေးပေမယ့် ဟာဗေးကတော့ ကွင်းလယ် နံပါတ် ၁၀ နေရာမှာ ကစားလိုတယ်လို့ ထုတ်ပြောထားပါတယ်။
လီဗာပူးအသင်းမှာ သူ့ရဲ့ ပွဲကစားခွင့် နည်းပါးမှုတွေကြောင့်ပဲ လာမယ့် အပြောင်းအရွှေ့စျေးကွက် ၂ ခုအတွင်း အသက် ၂၁ နှစ်အရွယ် ဟာဗေးကို ခေါ်ယူခွင့်အတွက် ဒေါ့မွန်နဲ့ ဘရိုက်တန်တို့က ကြိုးစားသွားလိုကြောင်း ပြသလာတာပါ။
၂၀၁၉ ခုနှစ်မှာ ဖူလ်ဟမ်ကနေ လီဗာပူးအသင်းကို ပေါင် ၁.၅ သန်းဖြင့် ရောက်လာခဲ့တဲ့ ဟာဗေးဟာ အသင်းသမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရလာသူ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှ ရခဲ့တဲ့ ခြေထောက်ကျိုး ဒဏ်ရာနဲ့ စက်တင်ဘာတုန်းက ရခဲ့တဲ့ ခြေထောက် ဒဏ်ရာတွေက သူ့ရဲ့ တက်လှမ်းကို ပိတ်ဆို့ခဲ့ပေမယ့် တိုးတက်မှုတွေ ရှာဖွေဖို့အတွက် အများကြီး ငယ်ရွယ်သေးသူဖြစ်ပါတယ်။
ကာရာဘောင်းဖလားမှာပါ ပွဲချိန် လုံးဝ ပေးခြင်းမခံခဲ့ရသလို နည်းပြသစ်လက်ထက် ပွဲကစားချိန် လုံးဝ မရသလောက်ဖြစ်နေတဲ့ ဟာဗေးရဲ့ အလားအလာကို အပြောင်းအရွှေ့မှာ ကျောက်ကောင်းလေးတွေကို ရှာဖွေနိုင်စွမ်း မြင့်မားတဲ့ ဒေါ့မွန်နဲ့ ဘရိုက်တန်တို့လို ကလပ်တွေက အထူးနှစ်သက်နေတာပါ။
လီဗာပူးအသင်းဘက်ကတော့ ဟာဗေးနဲ့ ပတ်သက်လို့ တုန့်ပြန်လာမှု မရှိသေးဘဲ အင်္ဂလန် ယူ-၂၁ ကစားသမားကို ရောင်းချမယ်ဆိုရင်တော့ ပေါင် သန်း ၃၀ အထက်ထိ စျေးတောင်းဆိုမယ်လို့ တွက်ဆရတာဖြစ်ပါတယ်။