ဟာဗေးနဲ့ ကာဗာရာ အပြောင်းအရွှေ့ ကိစ္စ တစ်ပြိုင်တည်း အဖြေပေးသွားတဲ့ အာနယ် ဆလော့

ဒီရက်မှာပဲ လီဗာပူးအသင်းဟာ နာပိုလီ တိုက်စစ်မှူး ကာဗာရာကို ခေါ်ယူမယ်ဆိုတဲ့ သတင်းနဲ့ ဟာဗေးကို ဒေါ့မွန်၊ ဘရိုက်တန်တို့က ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

The Athletic သတင်းဌာနက David Ornstein နဲ့ The Times သတင်းဌာနက Paul Joyce တို့လို ဂုဏ်သိက္ခာရှိ သတင်းထောက်တွေ ကိုယ်တိုင်က ဖော်ပြနေတာမို့ လီဗာပူးပရိသတ်တွေက ဒီဇာတ်လမ်းတွေကို တကယ်ပဲလားလို့ သိလိုလာကြတာပါ။

အက်ဖ်အေဖလား ပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ နည်းပြဆလော့က ဒီလို ဇာတ်လမ်းတွေဟာ ၁၀ ကြိမ်မှာ ၉ ကြိမ်က သတင်းမှားပါလို့ ဆိုပါတယ်။

နည်းပြအာနယ် ဆလော့ကတော့ “ အခုက ဇန်နဝါရီလလေ။ ဝက်စ်ဟမ်းပွဲအပြီး ကျနော် ဒီစကားမျိုးကို ပြောခဲ့ဖူးတယ် ထင်ပါတယ်။

အသင်းတွေထံက ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေဆိုရင် ကျနော်တို့နဲ့ အပြောင်းအရွှေ့သတင်း ရေးကြလိမ့်မယ်။ ဒါမှမဟုတ်ရင် ကျနော်တို့ အသင်းမှာ ပွဲကစားခွင့် သိပ်မရတဲ့သူဆိုရင် အခြားအသင်းထံ ပြောင်းတော့မယ်လို့ ပြောကြလိမ့်မယ်။ အခု အဲ့လိုဖြစ်နေတာပါပဲ။

၁၀ ကြိမ်မှာ ၉ ကြိမ် ဒါမှမဟုတ် အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်လောက်က ဒီကောလဟာလမျိုးတွေဟာ တကယ်ဖြစ်မလာတဲ့ ဇာတ်လမ်းတွေအဖြစ် ပြီးသွားတာပါပဲ။ ဒါကိုလည်း စျေးကွက်ပိတ်ရင် မြင်ကြရပါလိမ့်မယ်။

ဒီတော့ အပြောင်းအရွှေ့ ကောလဟာလ (ဟာဗေး၊ ကာဗာရာ) တွေအတွက် ကျနော် ပြောနိုင်တာက ဒါက ဇာတ်လမ်းတွေပါပဲ။ ဆက်လည်း ထွက်နေဦးမှာပါ။ ဒီတော့ ကျနော်တို့ဘက်က ဘာမှတ်ချက်မှပေးဖို့ မရှိပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။