

လီဗာပူးအသင်းကို အာနယ်ဆလော့ ဝင်ရောက်လာချိန်မှာ ပွဲတွေအတွက် ကစားသမားတွေ ပြင်ဆင်မှုနည်းလမ်းကို ပြောင်းလဲပစ်မယ်လို့ ကတိပေးခဲ့ပါတယ်။
မနက်ခင်း လေ့ကျင့်ရေးပုံစံတွေကို ပြောင်းလဲခြင်းနဲ့အတူ နည်းပြအဖွဲ့ဟာ ကစားသမားတွေ အနားယူမှုနဲ့ ပြန်လည်အားဖြည့်မှု ပုံစံတွေကို ပိုအလေးပေးလာခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဒဏ်ရာ အနာတရ ကင်းစင်ပြီး အချိန်တိုင်း စွမ်းဆောင်ရည် အမြင့်ဆုံးမှာ ဆက်ထိန်းထားဖို့ဖြစ်ပါတယ်။
အာနယ်ဆလော့နဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အသင်းဟာ ကစားသမားတွေကို ရေတိုနဲ့ ရေရှည်လောက်ထိ မဟုတ်တဲ့ ကာလလတ် အပိုင်းအခြားအတွက် ကစားသမား တစ်ဦးချင်းအလိုက် ယခင်ရာသီတွေမှာဖြစ်ခဲ့တဲ့ ပင်ပန်းနွမ်းနယ်မှုကို လျော့ချရေး အာရုံစိုက်လာကြပါတယ်။
လီဗာပူးအသင်း အထူးဂရုစိုက်ပေးနေရသူ တစ်ဦးကတော့ မက်ကယ်စ္စတာဖြစ်ပါတယ် (ဒီယက်ဇ်လည်း အဲ့လိုအသင်းသားထဲက တစ်ဦးလို့ သိရပါတယ်) ။ အာဂျင်တီးနားကွင်းလယ်လူဟာ မနှစ်ကရာသီ နည်းပြကလော့ပ် လက်ထက်မှာ ပွဲအများကြီး ကစားခဲ့ရသလို လက်ရွေးစင်အသင်းရဲ့ အဓိက ကြယ်ပွင့်လည်းဖြစ်ပါတယ်။
ဒီရာသီမှာ နှစ်သစ်မကူးခင် နိုင်ငံတကာသီတင်းပတ် ၃ ခု ရှိခဲ့ပြီး နည်းပြဆလော့ဟာ မာကာရဲ့ ပွဲချိန်တွေကို ဂရုစိုက် ကိုင်တွယ်ပေးဖို့ လိုအပ်တာကို သိခဲ့ပါတယ်။ အဲ့ကာလတွေအတွင်း ကလပ်နဲ့ လက်ရွေးစင်တွေမှာ ဆက်တိုက် ကစားပေးရတာကြောင့် မာကာရဲ့ ခြေစွမ်းဟာ အတက်အကျတွေရှိခဲ့တယ်။ ပင်ပန်းလွန်းနေတာကြောင့် စွမ်းဆောင်ရည်ပိုင်း ကျဆင်းမှုလည်း ရှိခဲ့တယ်။
ပွဲပယ်ခံရတာ၊ အနားပေးခံရတာ အပါအဝင် မာကာဟာ ပွဲချိန်အချို့ လျော့ချခံရတာတောင်မှပဲ ပရီးမီးယားလိဂ်မှာ ကစားထားတဲ့ မိနစ် စုစုပေါင်းရဲ့ ၇၆% ထိ ကစားထားပါတယ်။
ဆိုဘိုစလိုင်လို တရစပ် ပြေးလွှားခြင်း၊ ကာတစ်ဂျုံးလို ဘောလုံးကိုင်ထားခြင်းနဲ့ ဂရာဗင်ဘက်ချ်လို ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းခြင်းတွေလို သီးသန့်အားသာချက်တွေမျိုး မာကာ မလုပ်ထားပါဘူး။ အဲ့အစား သူဟာ အရည်အချင်းအားလုံး ပိုင်ဆိုင်ထားသူတစ်ဦးအဖြစ် နည်းပြအဖွဲ့ရဲ့ အားကိုးခြင်း ခံနေရတယ်။
လီဗာပူးရဲ့ ကစားကွက် တည်ဆောက်မှုမှာ အရေးပါတဲ့ မာကာဟာ final third လို့ ခေါ်ကြတဲ့ အဆုံးသတ်ပိုင်းမှာ ဘောလုံးပြန်အောင်မြင်မှု အများဆုံး (ပရီးမီးယားလိဂ် နံပါတ် ၅) ကစားသမားဖြစ်တယ်။ ဘောလုံးပြန်ဆယ်ယူမှု အများဆုံး ပရီးမီးယားလိဂ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာနေတယ်။
မာကာ ခြေစွမ်းမကောင်းတဲ့ပွဲက မရှိသလောက်လို့ နည်းပြအာနယ် ဆလော့က ထုတ်ဖော်ထားပြီး သူဟာ ကွင်းလယ်ဟန်ချက်ညီမှုကို ကိုင်တွယ်ပေးနေတဲ့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူအဖြစ်လည်း မှတ်ချက်ပေးပါတယ်။ ထိရောက်မှုရှိမယ့် နေရာတွေမှာ ဘောလုံးကို ပြန်ရယူပေးသလို မှန်ကန်တဲ့ ပေးချက်တွေ ရှာဖွေနိုင်သူဖြစ်ပါတယ်။
ပြိုင်ဘက်အသင်းရဲ့ ကစားကွက်ကို ဖြိုခွင်းဖို့ ဒါမှမဟုတ် အသင်းဖော်တွေထံကနေ ဘောလုံးကို လက်ခံယူဖို့ မှန်ကန်တဲ့နေရာမှာ အမြဲတမ်း လှည့်ပတ်ကာ ပြေးလွှားပေးနေပြီး ဘောလုံးကို တရစပ် လိုက်ပုပ်ပေးနေနိုင်သူဖြစ်တယ်။
မာကာဟာ ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့လို ထိလိုမရတဲ့ ကစားသမားအဆင့်မှာ မရှိသေးပေမယ့် လီဗာပူးအသင်းမှာ သူ့ရဲ့ ဩဇာဟာ ပိုပြီး တိုးတက်လာနေကာ သူတို့လို အဆင့်ထံ ရောက်လာမယ်လို့ မျှော်လင့်ခံလာရတယ်။
လီဗာပူးနည်းပြအဖွဲ့ဟာ မာကာကို အရမ်း တန်ဖိုးထားပြီး သူ့ကို ကြံ့ခိုင်မှု အမြင့်ဆုံးမှာ ထားနိုင်ဖို့ ဂရုစိုက်နေတယ်လို့လည်း အသင်းနဲ့နီးစပ်တဲ့ ရင်းမြစ်တွေက ပြောပါတယ်။
မကြာခင်မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို စိန်ခေါ်ရေး အရေးပါတဲ့ကာလတွေကို ရောက်လာပါလိမ့်မယ်။ အန်ဖီးရဲ့ ထွန်းသစ်စ နေမင်းလို့ နာမည်ကောင်းရနေတဲ့ မာကာဟာ ဒီကာလတွေအတွက် အရေးပါတဲ့သူတစ်ဦး ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။