ဒါဝင်အတွက် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုရလာချိန် ဘွန်ဒက်လီဂါစတားနဲ့ အသံထွက်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ သင့်လျော်တဲ့ အခွင့်အရေးတွေ့ရှိမှ လူသစ်ခေါ်ယူမယ်လို့ The Athletic က ဖော်ပြလာပါတယ်။

စိတ်ဝင်စားဖွယ် သတင်းတစ်ရပ်အဖြစ် ဆော်ဒီပရိုလိဂ်ကလပ် Al Hilal အသင်းဟာ တိုက်စစ်မှူး ဒါဝင် နူးညက်စ်အတွက် ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ပယ်ချလိုက်တယ်လို့ အသံထွက်နေပါတယ်။

လီဗာပူးဘက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေးအတွက် လမ်းကြောင်းမှန်ပေါ် ရှိနေချိန်မှာ လက်ရှိ အစုအဖွဲ့ကနေ ကစားသမား တစ်ဦးကိုမှ လက်မလွတ်လိုတဲ့ ဆန္ဒမျိုး ရှိနေပါတယ်။

စာချုပ်သစ် မအောင်မြင်သေးဘဲ နွေမှာ အလွတ်ဖြင့် ထွက်ရနိုင်တဲ့ ထရန့်အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ပေါင် သန်း ၂၀ တန်ကြေးရှိမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသလို ခီယေဆာကိုလည်း အငှားပြန်ချပေးဖို့ စိတ်ကူးမရှိပါဘူး။

ဒါဝင်ဟာ တိုက်စစ်မှာ ဂိုးမရနိုင်ခြင်းအတွက် ဝေဖန်ခံနေရပေမယ့် အထောင်တိုက်စစ်အတွက် တစ်ဦးတည်းရှိတဲ့ ဒေါင်ဒေါင်မြည် ကစားသမားဖြစ်ပါတယ်။ အခြားသော နံပါတ် ၉ သမားအဖြစ် ဂျိုတာ ရှိနေပေမယ့် ကြံ့ခိုင်မှုပိုင်း စိတ်မချရတဲ့ အားနည်းချက် ရှိထားတာပါ။

စကိုင်းဂျာမနီဘက်က ဖော်ပြလာမှုအရ လီဗာပူးဟာ လက်ရှိ စျေးကွက်မှာတင် ဘွန်ဒက်လီဂါ ၂ ကလပ် နုရင်ဘတ်အသင်းမှ ၁၉ နှစ်အရွယ် ဂရိတိုက်စစ်မှူး Stefanos Tzimas ကို ချိန်ရွယ်လာနေတယ်လို့ သိရတယ်။

နုရင်ဘတ်ဘက်က ဂရိတိုက်စစ်မှူးအတွက် ပေါင် ၂၁ သန်းရရင်ကို ဒီဇန်နဝါရီမှာတင် လက်လွတ်မှာဖြစ်ကာ ဒီပြောင်းရွှေ့ကြေးဟာ ဂရိဘောလုံးလောကအတွက် စံချိန်တင် ပမာဏလည်း ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။