

နော်တင်ဟမ် ဖောရက်စ်ပွဲမှာ မိုဆာလာရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရတဲ့နောက် ရာသီဝက်နောက်ပိုင်းမှာ ကျဆင်းတတ်တဲ့ တိုက်စစ်သမားရဲ့ မှတ်တမ်းတွေဟာ ပြန်လည် ဖော်ထုတ်ခံလာရသလို နည်းပြ အာနယ် ဆလော့မှာ ပလန်ဘီ ရှိရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။
မိုဆာလာဟာ သိပ်ကောင်းတဲ့ မှတ်တမ်းအဖြစ် ဒီရာသီ ၂၉ ပွဲ ကစားအပြီး ကိုယ်တိုင် ၂၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၇ ကြိမ်ထိ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် အီဂျစ်သားဟာ ဒုတိယရာသီဝက်မှာ ခြေစွမ်းကျလေ့ရှိကြောင်း သံသယတွေကိုလည်း ပိုင်ဆိုင်ထားသူပါ။
မနှစ်က ဘောလုံးရာသီမှာ အာဖရိကဖလားကနေ ပြန်လာပြီးနောက် ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ မိုဆာလာဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတုန်းကလည်း နှစ်သစ်ကူးပြီးနောက် ၂၆ ပွဲအတွင်း ၉ ဂိုးပဲ သွင်းနိုင်တဲ့ထိ ရာသီဝက်နောက်ပိုင်းတွေမှာ ဂိုးသွင်းစွမ်းရည် ကျဆင်းခဲ့ပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ယာဂင်ကလော့ပ်နဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယရာသီဝက်အရောက် တိုက်စစ်မှာ ဆာလာ၊ ဒါဝင်တို့ရဲ့ ဂိုးမိုးခေါင်းမှုတွေဟာ ဂျာမာန်သားကြီးကို ပရီးမီးယားလိဂ် ဆုဖလားဖြင့် နှုတ်ဆက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးစေခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း လီဗာပူးအတွက် နောက်ဆုံးကစားထားတဲ့ ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးအတွက်ပဲ ပါဝင်ထားသလို အဆိုပါဂိုးကတောင် ပင်နယ်တီကနေ သွင်းယူခြင်း ဖြစ်နေတဲ့နောက် ဆာလာရဲ့ ခရစ္စမတ်ကျိန်စာ ပြန်စနေပြီဆိုတဲ့ အသံတွေလည်း ထွက်လာနေပါတယ်။
အားကစားပိုင်းဆိုင်ရာ ရှုထောင့်မှာတော့ မိုဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံတွေမှာ ပွဲတိုင်း ပွဲထွက်ပါဝင်ကစားထားသူ တစ်ဦးပဲဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဆာလာ (ပွဲချိန် ၁၇၆၇ မိနစ်) ထက် ပွဲချိန် ပိုများသူဆိုလို့ ဗန်ဒိုက် (၁၈၀၀ မိနစ်) ပဲ ရှိပါတော့တယ်။
လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေဟာ မိုဆာလာ တစ်ဦးတည်းအပေါ် ရာနှုန်း အများကြီး မှီခိုနေရခြင်းဖြစ်ပြီး သူ အခုလို ခြေစွမ်းကျလာချိန်မှာ သွင်းဂိုး တာဝန်တွေကို ခွဲဝေယူပေးမယ့် အသင်းဖော်တွေကို လိုအပ်လာပါတယ်။ နည်းပြအာနယ် ဆလော့ အနေနဲ့ ကြံ့ခိုင်မှုပိုင်းအတွက်လည်း မိုဆာလာကို အနားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
လာမယ့်ပွဲတွေအတွင်း အာနယ် ဆလော့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ အရန်ခုံမှာ ထိုင်ခိုင်းတာကို အီဂျစ်သားက လက်ခံမလား ဆိုတာနဲ့ ဆာလာနေရာ ယုံယုံကြည်ကြည် နေရာပေးနိုင်မယ့် ကစားသမားကို လက်ရှိ လူစာရင်းကနေ ရှာဖွေနိုင်မလားဆိုတာပဲ ဖြစ်ပါတယ်။