

နောက်ဆုံး အပြောင်းအရွှေ့ အတော်များများမှာ ကွင်းလယ်ခံစစ်နေရာကို ဦးစားပေးခဲ့ပေမယ့် လီဗာပူးအသင်းဟာ လိုချင်တဲ့ ကစားသမားမျိုး မရခဲ့ဘဲ ဂရာဗင်ဘက်ချ် တောက်ပလာခြင်းကပဲ သက်ပြင်းမောချစရာ ဖြစ်ခဲ့ပါတယ်။
ကွင်းလယ်ခံစစ်က ပြဿနာကြီး မဟုတ်တော့ချိန်မှာ လီဗာပူးအသင်းရဲ့ ဘယ်ခြမ်းဟာ အတော်လေး အခြေအနေ ဆိုးရွားလာနေပါတယ်။ ဒီဘယ်ခြမ်းကပဲ လီဗာပူးအသင်းကို မကြာခဏ ရမှတ်တွေ ဆုံးရှုံးလာစေတာပါ။
မတ်လမှာ ရော်ဘတ်ဆန်က အသက် ၃၁ နှစ်ပြည့်တော့မှာဖြစ်သလို သူ့နေရာမှာ ကိုစတက်ကလည်း ရေရှည် အစားဝင်နိုင်မယ့်သူ မဟုတ်ခြင်းနဲ့အတူ ရစ်ချက်ဟုချ်ဟာ သူ့ရဲ့ လီဗာပူးအားကစားဒါရိုက်တာဘဝ စမ်းသပ်မှုကြီးတစ်ခုကို ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်းကတော့ မှန်ကန်သူတစ်ဦးဖြင့် အစားထိုးဖို့ပဲ ဖြစ်ပါတယ်။ ဒီ ၂ ရာသီအတွင်း ရိုဘိုရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အမှားများမှုတွေဟာ အသက် ၃၀ အထက် ကစားသမား ၃ ဦးထိ ရှိလာတဲ့ အသင်းရဲ့ ခံစစ်ကို ယုံကြည်စိတ်ချရမှု ပိုနည်းလာစေတယ်။
The Times သတင်းဌာနမှ ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်သူ Paul Joyce ကတော့ ရစ်ချက်ဟုချ်ဟာ ဘယ်အစွန်နေရာကို ပြဿနာတစ်ရပ်အဖြစ် လက်ခံထားပြီး မှန်ကန်သူတစ်ဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
Paul Joyce ကပဲ ဘုန်းမောက်အသင်းမှ အသက် ၂၁ နှစ်အရွယ် ဟန်ဂေရီလက်ရွေးစင် မီလိုစ့်ကာဇ့်ကို ရစ်ချက်ဟုချ်နဲ့ ကင်းထောက်အဖွဲ့က သဘောကျနေကာ ရိုဘိုနေရာ ရေရှည် ဆက်ခံမယ့်သူအဖြစ် စဉ်းစားနေကြောင်း ဆိုပါတယ်။
ဘယ်အစွန်အတွက် ကာ့ဇ်က ဦးစားပေးဖြစ်လာနိုင်သလို အခြားသော ကစားသမား အချို့ကိုလည်း အသင်းဘက်က ကင်းထောက်နေဆဲပါ။ စိတ်ဝင်စားစရာကတော့ လီဗာပူးအသင်းဟာ တောင်ပံမှာ အတက်အဆင်း ကစားနိုင်သူ မီလိုစ့်ကာဇ့်နဲ့ ကစားဟန် လုံးဝ မတူညီတဲ့ ဘယ်အစွန်လူ အချို့ကိုလည်း စောင့်ကြည့်နေပါတယ်။
အသင်းဘက်က ၃ ယောက်တန်း ခံစစ်ကြောင်းမှာ ခံစစ်မှူးအဖြစ် ကစားနိုင်တဲ့ ဘယ်အစွန်လူကို ရွေးချယ်မှာလား? တောင်ပံမှာ တိုက်စစ်လိုက်နိုင်တဲ့ ဘယ်အစွန်လူမျိုးကို ရွေးချယ်မှာလား? စောင့်ကြည့်နေကြဆဲဖြစ်ပေမယ့် ကာ့ဇ်နဲ့တော့ သတင်းတွေ ပိုထွက်လာနေပြီဖြစ်ပါတယ်။