

လီဗာပူးအသင်းဟာ အိမ်ကွင်း ပုံစံကောင်းရှိတဲ့ ဘရန့်ဖိုဒ့်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ကစားပြီး ဒါဝင် နူးညက်စ်ရဲ့ နာကျင် အချိန်ပို သွင်းဂိုး ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယားကို ၇ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျိုတာ မပါဝင်နိုင်ဘဲ ရိုဘိုနေရာ ကိုစတက် ပွဲထွက်တာကလွဲလို့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်တဲ့ နည်းပြအာနယ် ဆလော့ဟာ အထောင်မှာတော့ ဒါဝင်ကို အရန်ခုံမှာ ထားပြီး ဒီယက်ဇ်ကို နေရာပေးခဲ့ပါတယ်။
ပထမပိုင်းမှာ ဒီယက်ဇ်၊ ဂက်ပိုတို့ထံက ကောင်းမွန်လှတဲ့ လှုပ်အားနှုန်းကို မြင်ခဲ့ရပြီး လီဗာပူးအသင်းဟာ တရစပ် ဖိအားပေးမှုဖြင့် ဘရန့်ဖိုဒ့်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဘရန့်ဖိုဒ့်ဟာ လီဗာပူးရဲ့ ဖိအားပေးမှုကို လွယ်လွယ်ကူကူ ဖောက်ထွက်ပြနိုင်ပေမယ့် ခံစစ်ကြောင်းကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။
ဘောလုံးပိုင်ဆိုင်မှုပိုင်း ပိုမိုကောင်းပြီး ခံစစ်ပိုင်း ကျစ်လစ်တဲ့ လီဗာပူးက နောက်တန်းကနေ ဘောလုံးပြန်ပြန်ယူနိုင်ခဲ့ကာ ပိုင်ဆိုင်မှု အသာစီးဖြင့် ဘရန့်ဖိုဒ့်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ပုံမှန်ထက် ပိုများတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့တာကလွဲလို့ လီဗာပူးရဲ့ တိုက်စစ်ဟာ ဘရန့်ဖိုဒ့်ကို အိမ်မက်ဆိုးတွေတော့ မပေးခဲ့ပါဘူး။
လီဗာပူးရဲ့ ၁၅ ကြိမ်သော ထောင့်ကန်ဘောတွေကို ဘရန့်ဖိုဒ့်က အေးအေးဆေးဆေး ဟန့်တားပြခဲ့ပြီး မရပ်နားတဲ့ ဖိအားပေးမှု၊ တိုက်စစ်ဆင်မှုတွေဟာလည်း ဘရန့်ဖိုဒ့်အတွက် လွယ်ကူလွန်းနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူးရဲ့ လွှမ်းမိုးမှုအောက် ဘရန့်ဖိုဒ့်တို့ လုံးဝကြီး မြုပ်ကျသွားပေမယ့် ကောင်တာတွေကနေတော့ အန္တရာယ်ပေးနေဆဲပါ။ ဒီပွဲရဲ့ အလှည့်အပြောင်းကတော့ ဟာဗေးတို့ တစ်သိုက်နဲ့ ဒါဝင် နူးညက်စ် လူစားဝင်လာတာက စတင်ခဲ့ပါတယ်။ ဟာဗေးဟာ အသင်းဖော်တွေအတွက် နေရာလွတ် အတော်လေး ဖွင့်ပေးနိုင်ခဲ့ပါတယ်။
အရိုင်းတစ်ယောက်လို ကစားတတ်တဲ့ ဒါဝင်ဟာလည်း နံပါတ် ၉ သမားစစ်စစ် တစ်ဦးပီပီ နေရာယူတွေ ကောင်းမွန်ခဲ့ပြီး ဒီယက်ဇ် လုံးဝ မလုပ်နိုင်ခဲ့တဲ့ နေရာယူမှန်ခြင်း၊ ဧရိယာအတွင်း အခွင့်အရေး ရှာဖွေနိုင်ခြင်းတွေကနေ သွင်းဂိုး ၂ ဂိုးကို ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ လီဗာပူးအသင်းကို ၂၀၂၅ မှာ ကျဆင်းနေတဲ့ ယုံကြည်မှုပိုင်းတွေ ပြန်ရလာစေဖို့ရှိပြီး အားကောင်းတဲ့ ချန်ပီယံလောင်းတစ်သင်းအဖြစ် လက်ကျန် ပွဲတွေမှာ တွန်းအားဖြစ်လာစေခဲ့ပါပြီ။