အမှားကို ဝန်ခံသွားတဲ့ အာနယ်၊ ကြံ့ခိုင်တဲ့ ခံစစ်၊ ချန်ပီယံစိတ်ဓါတ်၊ ဆာလာရဲ့ ပွဲချိန်တွေ လျော့ချသင့်ခြင်းနဲ့ ဘရန့်ဖိုဒ့်နိုင်ပွဲအပြီး စကားစမြည်း ပြောစရာများ

နည်းပြအာနယ် ဆလော့ရဲ့ လူစားလဲမှုတွေကြောင့် ဘရန့်ဖိုဒ့်ကို နိုင်ပွဲရအပြီး စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့ စကားပြောကြည့်ပါမယ်။

အမှားကို ဝန်ခံသွားတဲ့ အာနယ်

ဒီပွဲမှာ နည်းပြဆလော့ရဲ့ ပွဲထုတ်ပုံကို လူတိုင်းက အပြည့်အဝ လက်မခံခဲ့ပါဘူး။ နည်းပြကိုယ်တိုင်ကတော့ သူ့မှာ သံသယဝင်စရာ အခြေအနေတွေကြောင့် ဒီလို ရွေးချယ်ခဲ့တာဖြစ်ကြောင်းနဲ့ သူမှားတယ်ဆိုတာ ကစားသမားတွေဘက်က သက်သေပြသွားတာကို ကျေနပ်တယ်လို့ ပွဲအပြီးမှာ ဆိုပါတယ်။

အထောင်တိုက်စစ်မှာ ဂျိုတာ မပါနိုင်ချိန် ဒါဝင် ရှိနေပေမယ့် နည်းပြကတော့ ဒီယက်ဇ်ကိုပဲ ဆက်ပြီး နေရာပေးခဲ့ပါတယ်။ နည်းပြဘက်က ကြည့်မယ်ဆိုရင် ဒီတလော အခွင့်အရေးကြီးတွေကို ဒါဝင် မကြာခဏ ဖြုန်းတီးနေတာကို သဘောမကျတာဖြစ်ပါတယ်။

ဒါပေမယ့် ချီးကျူးရမှာက နည်းပြရဲ့ လူစားလဲမှုတွေပါ။ ဂိုးလိုနေချိန် ဒီယက်ဇ်နေရာ ဒါဝင် လူလဲတာက ပုံမှန်လုပ်မယ့် အလှည့်အပြောင်းမျိုးပါ။ တစ်ပွဲလုံး ကစားအားကောင်းနေတဲ့ ဆိုဘိုစလိုင်နေရာ ဟာဗေးကို လဲလိုက်တာကတော့ အမှတ်ပေးရမယ့် လူစားလဲမှုဖြစ်ပါတယ်။

ကြံ့ခိုင်တဲ့ ခံစစ်

ထရန့်၊ အယ်လီဆန်၊ ကိုနတေးတို့ ဒဏ်ရာတွေ ရသွားတဲ့နောက်ပိုင်း လီဗာပူးခံစစ်က အတော်လေး မငြိမ်မသက်ဖြစ်နေခဲ့တယ်။ တစ်ဦးချင်း အမှားတွေ မကြာခဏ မြင်နေရတယ်၊ လီဗာပူးခံစစ် ကျဆင်းနေပြီလို့ ထောက်ပြမှုတွေကလည်း ပလူပျံနေပါတယ်။

ဒီပွဲမှာတော့ လီဗာပူးခံစစ်က တော်တော်လေး မာပါတယ်။ ထရန့်ထံက မိနစ် ၉၀ အပြည့် ရုန်းအားကို ကျေနပ်တယ်။ ဗန်ဒိုက်နဲ့ အပြိုင် ကစားပုံကောင်းခဲ့တဲ့ အီဘူးကို မြင်ရတာလည်း ကျေနပ်စတယ်။ ခံစစ်သိပ်ကောင်းနေလို့ ဘရန့်ဖိုဒ့်လို ကောင်တာတစ်ပေါက် သိပ်ကောင်းတဲ့ အသင်းကို နောက်ဆုံးမိနစ်ထိ စိတ်ရှည်ရှည် ကစားနိုင်ဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။

ဆာလာရဲ့ ပွဲချိန်တွေ လျော့ချသင့်ပြီ

အခုချိန်ထိ ဆာလာဟာ လီဗာပူးရဲ့ ထိလို့မရတဲ့ ကစားသမားပါ။ အသင်းဟာ သွင်းဂိုးတွေအတွက် ဆာလာကိုပဲ အများကြီး မှီခိုနေရပါတယ်။ ပထမပိုင်းမှာ ဂက်ပိုအတွက် သူ ဖန်ပေးတဲ့ အခွင့်အရေးဆိုရင် တကယ့်ရှယ်ကြီးပါ။ ဂက်ပို ပိတ်ချက် လွဲခဲ့ပါတယ်။

ဆာလာဟာ သူ ကိုယ်တိုင် ဂိုးသွင်းဖို့ထက် ဖန်တီးမှုတွေကို နည်းနည်းလေးတောင် ပိုအာရုံစိုက်ပေးခဲ့ပါတယ်။ ဆာလာရဲ့ အရည်အချင်းက သံသယဝင်ဖို့ကို မရှိပါဘူး။ ဖြစ်စေချင်တာက သူ့ကို အနားပေးသင့်ရင် ပေးဖို့ပါပဲ။ ဒုတိယရာသီဝက်ဆို ဆာလာ ခြေကျလာတာ ၃ ရာသီဆက်ဖြစ်နေပါပြီ။ ဒါ တိုက်ဆိုင်မှု မဟုတ်ပါဘူး။

ဒီနွေမှာ ဆာလာဟာ အသက် ၃၃ ပြည့်တော့မှာပါ။ အီဂျစ်သားရဲ့ ကြံ့ခိုင်မှုဟာ ဒီတစ်ရာသီလုံး ပွဲတိုင်း ပါဝင်ကစားဖို့ကို အဆင်ပြေနေဦးမှာပါ။ ဒါပေမယ့် မကြာခင်မှာ ဖလားပြိုင်ပွဲတွေအတွက် အရေးကြီးတဲ့ အခိုက်အတန့်တွေ ရောက်လာတော့မှာဖြစ်ပါတယ်။

ကာရာဘောင်းနဲ့ အက်ဖ်အေပြိုင်ပွဲတွေမှာ ဆာလာ အစား ဟာဗေး ခီယေဆာတို့ကိုပဲ ပိုသုံးသင့်ပါတယ်။ ဆာလာအနေနဲ့ သူ့ ပြိုင်ပွဲတိုင်း သူပါဝင်ကစားဖို့ မသင့်တော့တာကို လက်ခံသင့်သလို နည်းပြကလည်း အညှာအတာကင်းကင်း ကိုင်တွယ်သင့်ပါတယ်။

ဒါဝင် ယုံကြည်မှုကောင်း တည်ဆောက်နိုင်မလား

လီဗာပူးအသင်းရဲ့ နံပါတ် ၉ သမားဟာ ဒီတစ်ရာသီလုံး သူ့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့်ပဲ ရောင်းထုတ်လိုက်ဖို့ တိုက်တွန်းခံလာရပါတယ်။ ဒီပွဲမတိုင်ခင်ဟာ ဒါဝင်တစ်ယောက် သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပရိသတ်ထောက်ခံမှု အနိမ့်ပါးဆုံး အခြေအနေကိုလည်း ရောက်ရှိနေပါတယ်။

တူညီတဲ့ အနေအထားမျိုးကို မနှစ်ကဖြစ်ဖူးပါတယ်။ နယူးကာဆယ်ကို အဝေးကွင်းမှာ ဒါဝင်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရအပြီး နည်းပြကလော့ပ်က သူ့ကို ယုံကြည်မှုပေးခဲ့ပါတယ်။ ရာသီဝက်နောက်ပိုင်း ဒါဝင်ရဲ့ ဂိုးပေါက်ပျောက်မှုတွေကပဲ အသင်းရဲ့ရလဒ်တွေအပေါ် သက်ရောက်ခဲ့ပါတယ်။

အခုတော့ သူ ဒုတိယအခွင့်အရေး ရလာတော့မှာပါ။ ဒီကရှေ့ ဒါဝင် နံပါတ် ၉ နေရာက ပြန်ပါလာတာကို တောင်းဆိုမယ့် ပရိသတ်ထုက မနည်းလှပါဘူး။ အသင်းမှာ ရောက်နေတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ ဒါဝင်အနေနဲ့ ဘရန့်ဖိုဒ့် နိုင်ပွဲရရမယ့် ယုံကြည်မှုတွေကို အခြေခံပြီး တည်ငြိမ်သင့်ပါပြီ။

ချန်ပီယံစိတ်ဓါတ်

အကယ်လို့ ဒီပွဲ ၀-၀ နဲ့ ပွဲပြီးသွားမယ်ဆိုရင် ဝေဖန်ထောက်ပြစရာတွေ တောင်လိုပုံနေပါလိမ့်မယ်။ အနိုင်ရချိန်မှာတော့ ချီးကျူးစရာတွေ ပြည့်သွားပါတယ်။ နိုင်ပွဲတစ်ပွဲက အဲ့လိုကို ခေါင်းနဲ့ ပန်းလို ခြားနားသွားစေပါတယ်။

ချန်ပီယံဖြစ်ချင်တဲ့ အသင်းတွေမှာ ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ ဘရန့်ဖိုဒ့်ပွဲမှာ မြင်ခဲ့ရတဲ့ အကောင်းမြင်စရာတွေက အဆုံးထိ နိုင်ပွဲအတွက် ကြိုးစားလိုစိတ်နဲ့ ဂိုးလာဘ် ထွက်ပေါ်ခဲ့မှုပါပဲ။ အသင်းဟာ ချန်ပီယံစိတ်ဓါတ်ကို ပြသခဲ့ပါတယ်။