ဖာမင်နိုတို့ နှုတ်ဆက်ပွဲ၊ အယ်လစ္စတာ ကတိပေးခြင်း၊ ယူရိုပါလိဂ် ဝင်ဖို့ သေချာနေခြင်းနဲ့ လီဗာပူး သတင်းများ

ဂျန့်တိုက်စစ်မှူး အော်ဘန်က ” ကျနော် ပရီးမီးယားလိဂ်ကို ပြောင်းချင်တယ်။ လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်တို့ပေါ့။ အာဆင်နယ်ကိုတော့ မပြောင်းချင်ပါဘူး။ သူတို့က ဆုဖလား အနိုင်ရမှာ မဟုတ်ဘူး။ ကျနော်က ဆုဖလားတွေ စိန်ခေါ်မယ့် အသင်းကို ပြောင်းချင်တာ ” လို့ ထုတ်ပြောလာပါတယ်။

ဘောလုံး ရာသီကုန်တာနဲ့ အယ်လစ္စတာကို ခေါ်ယူနိုင်ကြောင်း သတင်းကို လီဗာပူးဘက်က ကြေညာသွားမယ်လို့ အာဂျင်တီးနား သတင်းထောက် Gastón Edul က ဖော်ပြပါတယ်။

အယ်လစ္စတာကို ခေါ်ယူရေး ကလပ် အများအပြားက စိတ်ဝင်စားပေမယ့်လို့ ကစားသမားက လီဗာပူးကို ရွေးချယ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီ ကလော့ပ် လက်အောက်မှာ ကစားဖို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ရလည်း အဆင်ပြေပါတယ်လို့ ကလော့ပ်က ဆိုပြီး ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့၊ ကိုယ့်ရဲ့ ပြိုင်ပွဲဖြစ်အောင် အစွမ်းကုန် အားထုတ်ကြတာပေါ့လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မီလ်နာ၊ ဖာမင်နို၊ ချိန်ဘာလိန်၊ ကိတ်တာတို့ကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ၎င်းတို့ဟာ ဒီရာသီကုန်မှာတော့ အလွတ်စာချုပ်တွေဖြင့် ထွက်ခွာသွားကြပါလိမ့်မယ်။

အက်စတွန်ဗီလာပွဲမှာ လီဗာပူးအသင်း ဂိုးသမား အယ်လီဆန်ကလည်း ဂျာစီသစ်ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူဝတ်ထားတဲ့ အစိမ်းရောင် ဂျာစီက လူကြိုက်များခဲ့ပါတယ်။

ဂျိမ်းမီလ်နာ ထွက်ခွာသွားခြင်းကြောင့် ၂၀၁၅ အောက်တိုဘာမှာတုန်းက ကလော့ပ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးသော လီဗာပူး လူစာရင်း တစ်ခုလုံးဟာ အသင်းကနေ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။