

ဘရန့်ဖိုဒ့်ပွဲမှာ တစ်ကျော့ပြန် တောက်ပလာခဲ့တဲ့ ဒါဝင် နူးညက်စ်ဟာ နည်းပြနဲ့ ပရိသတ်တွေ သူ့အပေါ် ယုံကြည်မှုတွေ ပြန်ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဂျိုတာ ဒဏ်ရာကြောင့် မကစားနိုင်ချိန် နည်းပြဆလော့က ဒါဝင်ကို ယုံယုံကြည်ကြည် နေရာပေးခဲ့ပေမယ့် သူ့ဘက်က လုံလောက်အောင် ခြေစွမ်းပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ အနာဂတ် မရေရာတော့ကြောင်း ဖော်ပြခံလာရကာ ဒါဝင်ကို ခေါ်ယူဖို့ ဆော်ဒီဘက်က စိတ်ဝင်စားမှု ပြသလာခဲ့ပါတယ်။
ဒီလို အခြေအနေအတွင်း ဘရန့်ဖိုဒ့်ပွဲမှာ လီဗာပူးအတွက် အနိုင် ၃ မှတ်ရစေခဲ့တာကြောင့် ဒါဝင်ဟာ အသင်းဖော်တွေထံက ယုံကြည်မှုတွေ ပြန်ယူနိုင်ခဲ့တယ်။ အယ်လီဆန် အပါအဝင် အသင်းဖော်တွေထံက ချစ်ခင်တဲ့ ပွေ့ဖက်မှုတွေနဲ့အတူ ဒါဝင်ဟာ လီဗာပူးမြို့အပြန် မျက်နှာပန်းလှခဲ့ပါတယ်။
ဘရန့်ဖိုဒ့်ပွဲအပြီး The Athletic သတင်းဌာနကတော့ လီဗာပူးအသင်းဟာ ဒီလထဲ ဒါဝင်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ ဖော်ပြခဲ့တယ်။ ဒါကြောင့် ဒါဝင်အတွက် ပေါင် သန်း ၇၀ တန် ချိတ်ဆက်မှုကို လီဗာပူး ပယ်ချခဲ့တယ်ဆိုတာက မဟုတ်မှန်ဘူးလို့ ယုံကြည်ရပါတယ်။
လီဗာပူးဘက်ကတော့ ကလပ်နဲ့ ကာလရှည် စာချုပ်ရှိနေတဲ့ ဒါဝင်ကို ရာသီကုန်ထိ ဆက်ယုံကြည်ပေးမှာပါ။ နွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး လုပ်လာနိုင်ပေမယ့် ဒါဝင် ကိုယ်တိုင်ကလည်း သူ အရှုံးပေးမှာ မဟုတ်ဘဲ ဆက်လက် ယှဉ်ပြိုင်သွားမယ်ဆိုကာ လီဗာပူးမှာ ဆက်ရှိလိုကြောင်း ထုတ်ဖော်လာခဲ့တယ်။
ဒါဝင်ရဲ့ ခြေစွမ်းမတည်ငြိမ်မှု၊ ဂျိုတာရဲ့ ကြံ့ခိုင်မှု ရုန်းကန်ရခြင်းတွေကြောင့် လီဗာပူးအသင်းဟာ နံပါတ် ၉ နေရာ ကင်းထောက်မှုတွေ ဆက်လက် ပြုလုပ်နေဆဲဖြစ်တယ်။
နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက အဝင်ကြမ်း အထွက်ကြမ်းမယ့် စျေးကွက်ကို ကျော်ဖြတ်မယ်လို့ ဖော်ပြနေကြပြီး အဲ့ထဲမှာ မပါဝင်ဖို့ရာ ဒါဝင်တစ်ယောက် သွင်းဂိုးတွေဖြင့် သက်သေပြရတော့မှာ ဖြစ်ပါတယ်။