လီဗာပူးအသင်းရဲ့ ချန်ပီယံ ရေပန်းစားမှုကို အကဲဖြတ်ပေးမယ့် ဖေဖော်ဝါရီပွဲစဉ်များ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာက အာဆင်နယ်နဲ့ တတိယနေရာက နော်တင်ဟမ် ဖောရက်စ်တို့ကို ၆ မှတ်ဖြတ်ထားသလို ပွဲကျန် ၁ ပွဲ ကစားရဖို့ ရှိနေပါတယ်။

အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးအသင်းက အရှိန်ကောင်းနေသလို အသင်းရဲ့ ချန်ပီယံ ရေပန်းစားမှုတွေဟာ ဖေဖော်ဝါရီလမှာ သိသာတဲ့ အရွေ့တစ်ခုဖြစ်လာဖို့ ရှိပါတယ်။

ဖေဖော်ဝါရီဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဖလားပြိုင်ဆိုင်မှုရဲ့ အဓိက လတစ်လ ဖြစ်လာဖို့ ရှိနေပါတယ်။ မန်စီးတီးတို့ ပြေးလမ်းထဲ ပြန်ဝင်မလား စောင့်ကြည့်ရမှာဖြစ်သလို အသင်းတွေဟာ ဖေဖော်ဝါရီမှာ ကစားရမယ့် ပွဲတိုင်းကို အနိုင်ရဖွယ်တော့ မရှိဘဲ ရမှတ်တွေ ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဖေဖော်ဝါရီလမှာ လီဗာပူးအသင်းဟာ ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။ အသင်း ကစားရမယ့် ပွဲတွေထဲမှာ ဘုန်းမောက်၊ အဲဗာတန်၊ မန်စီးတီးတို့ကို အဝေးကွင်း ယှဉ်ပြိုင်ကစားရမယ့် အမှတ်ပေးပွဲတွေ ပါဝင်နေပါတယ်။

ဒါ့အပြင် တန်းဆင်းဇုန် ရုန်းအားတွေ ပြသလာတော့မယ့် ဝုဗ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားထုတ်နေတဲ့ နယူးကာဆယ်တို့ကိုလည်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအနေနဲ့ အဝေးကွင်း သွားကစားရမယ့် ရမှတ် ၉ မှတ်ထဲက ၆ မှတ် ဝန်းကျင် ယူနိုင်ခဲ့ရင် ချန်ပီယံဖြစ်ရေး အားကောင်းပါလိမ့်မယ်။ ဒီ ၅ ပွဲမှာ လီဗာပူးတို့ အမှတ်ကောင်းရင် ကောင်းသလောက် ရာသီနှောင်းပိုင်းတွေမှာ ဖိအားတွေ လျော့သွားနိုင်ပါတယ်။

တစ်ဖက်မှာ အာဆင်နယ်ဟာလည်း ဖေဖော်ဝါရီလ အစမှာတင် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားဖို့အပြင် ဖောရက်စ်ကို အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ အာတီတာရဲ့ အသင်းဟာ အက်ဖ်အေဖလားကနေ ပြုတ်ခဲ့ပြီဖြစ်ကာ ပွဲကျန်လည်း မရှိတာမို့ လီဗာပူးထက်စာရင် ပွဲချိန် ပိုအနားရဖို့ ရှိပါတယ်။

ဖောရက်စ်ကတော့ နယူးကာဆယ်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ ဖူလ်ဟမ်တို့ကို တောက်လျှောက် ယှဉ်ပြိုင်ရနိုင်ပြီး သူတို့ ရာနှုန်းပြည့် နိုင်ပွဲ ဖော်ဆောင်နိုင်ရင် အံ့ဩမိရပါလိမ့်မယ်။